မုံရွာ စက်တင်ဘာ ၂
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပရာ(အောက်ပုံ) တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အချက်အလက်များ၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုနှင့် MEVM စက်များ ဖြန့်ဖြူးပေးထားမှု အခြေအနေများကို လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ခရိုင်အလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့ရှိ ချင်းတွင်းခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး အရာထမ်း၊ အမှုထမ်းများ နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များ ပေးအပ်သည်။
ယနေ့အခမ်းအနားတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန်လေးပြည်နှင့် စားသုံးဆီ ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ၄၃၀ အတွက် ဆန် ၇၂ အိတ်၊ စားသုံးဆီ ၂၁၅ ပိဿာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


