မန္တလေး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် အခြေခံအကျဆုံး၊ အရေးအကြီး ဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်း တိကျမှန်ကန် ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုသည် အရေးကြီးကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲစာရင်းမှန်ကန်ရေးအတွက် လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် စိစစ်၊ ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြုခြင်း လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ အလေးအနက်ထားကာ စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အန္တိမရည်မှန်းချက် ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်က လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


