နေပြည်တော် စက်တင်ဘာ ၁၀

 

၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်သည်။

 

အဆိုပါ အားကစားပြိုင်ပွဲသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများ နေရာယူ ကြသည်။ ထို့နောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားသမားများက တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်အား အလေးပြုကြသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်၍ အလံတော်အဖွဲ့နှင့်အတူ ပြိုင်ပွဲဝင်အသင်းများက တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်အား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ထွက်ခွာကြသည်။

 

ထို့နောက် တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးကြသည်။ အဆိုပါ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက် ရလဒ်ကောင်းရရှိနိုင်ရေး အပြန်အလှန် ဖိအားပေး ကစားခဲ့ကြရာ ပွဲချိန်လေးမိနစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းက ဦးဆောင်ဂိုး တစ်ဂိုးသွင်းကာ ပွဲစဉ်ကို ဦးဆောင်ကစားနိုင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၈၀ ခန့်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုအသင်းက ပြန်လည် ချေပဂိုး တစ်ဂိုး သွင်းနိုင်ခဲ့သဖြင့် ပွဲကစားချိန် မိနစ်အားလုံးပြီးဆုံးချိန်တွင် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

 

အဆိုပါ ၂၀၂၅ ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ ၂၄ ရက်အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်