ကိုင်ရို ဇန်နဝါရီ ၄
အီဂျစ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၉ သန်းခန့်ရှိပြီး ၂၀၂၄ ခုနှစ်ကနှင့်နှိုင်းယှဉ်လျှင် ၂၁ ရာခိုင်နှုန်းတိုးလာသည်ဟု ခရီသွားလုပ်ငန်းနှင့် ရှေးဟောင်းပစ္စည်းများဝန်ကြီး ရှီရစ်ဖ်ဖာတီက ဇန်နဝါရီ ၃ ရက်တွင် ပြောသည်။
နိုင်ငံအတွင်းလုံခြုံရေးနှင့် တည်ငြိမ်မှုရှိခြင်း၊ ရှင်းလင်းပြီး ဖွံ့ဖြိုးတိုးတက်သော မဟာဗျူဟာနှင့် ခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်သည်ဟု ရှီရစ်ဖ် ဖာတီက အသိအမှတ်ပြုပြောကြားခဲ့သည်။
ကိုင်ရို၊ ဟာဂါဒါ၊ ရှာရမ်အယ်ရှိတ်ခ်နှင့် မာဆာအလမ် အစရှိသည့် လေဆိပ်များသည် နိုင်ငံအတွင်း လူအစည်ကားဆုံး လေဆိပ်များဖြစ်ကြပြီး ကမ္ဘာအနှံ့ မြို့ပေါင်း ၁၉၃ မြို့မှ ကမ္ဘာလှည့်ခရီးသွား လေယာဉ်များကို လက်ခံပေးနိုင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ စင်းလုံးငှား လေယာဉ်ပျံသန်းမှုမှာ ၂၀၂၅ ခုနှစ်အတွင်း ၃၂ ရာခိုင်နှုန်းတိုးလာခဲ့သည်။
အီဂျစ်နိုင်ငံတွင် ငွေလွှဲလုပ်ငန်း၊ ပို့ကုန်နှင့် စူးအက်တူးမြောင်းမှရရှိသည့် အခွန်ငွေများနည်းတူ ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားဝင်ငွေရရှိသည့် အဓိကလုပ်ငန်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း အီဂျစ်နိုင်ငံသို့ ခရီးသွား ၁၅ ဒသမ ၇ သန်းလာရောက်လည်ပတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ ဝင်ငွေရရှိခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းမှာ ပြန်လည် ဦးမော့လာခဲ့သည်။
ဆင်ဟွာ


