ဖနောင်ပင်   ဇန်နဝါရီ    ၅

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅   ခုနှစ်အတွင်း စုစုပေါင်း ဆန် ၉၄၀၃၂၁  တန်  တင်ပို့နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင်  ဖော်ပြထားသည်။  အဆိုပါပမာဏမှာ  ၂၀၂၄ ခုနှစ်ကထက်  ၄၆  ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်(စီအာအက်ဖ်)က ဇန်နဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည်  ၂၀၂၅  ခုနှစ်က   ဆန်တင်ပို့မှုမှ  ဝင်ငွေ အမေရိကန်ဒေါ်လာ  ၆၀၂  ဒသမ  ၄၁  သန်းရရှိရာ ၂၀၂၄ ခုနှစ်ကထက် ၂၂ ဒသမ ၇  ရာခိုင်နှုန်း တိုးလာကြောင်း သတင်းထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံနှင့်  ဒေသ  ၇၅  ခုသို့  ကုမ္ပဏီ  ၆၈  ခုက ဆန်တင်ပို့ခဲ့ကြောင်း သိရသည်။ ပြည်ပသို့တင်ပို့သည့် ဆန်များအနက်  ဆန်မွှေး ၆၄ ဒသမ ၀၂ ရာခိုင်နှုန်း၊ ဆန်ကွဲ ၁၈ ဒသမ ၅၆ ရာခိုင်နှုန်း၊ ဆန်ဖြူ ၁၃ ဒသမ ၇၁ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁ ဒသမ ၃၂ ရာခိုင်နှုန်းနှင့် အခြားဆန်အမျိုးအစား ၀ ဒသမ ၃၉ ရာခိုင်နှုန်း အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း စီအာအက်ဖ်အထွေထွေ အတွင်းရေးမှူး လွန်ယန်က ပြောကြားသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အာစီအီးပီ) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ်   လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်သည် တရုတ်နှင့် အခြား အာစီအီးပီနိုင်ငံများသို့ ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးပစ္စည်းများ တင်ပို့ခြင်းမှာ  ခိုင်မာသည့်အခြေခံအုတ်မြစ်ကို  ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ   ပန်ဆိုဗီချီက ပြောကြားသည်။

အဆိုပါသဘောတူညီချက်အရ  ကမ္ဘောဒီးယား နိုင်ငံထွက်ကုန်များ အထူးသဖြင့် ဆန်စပါး၊ ငှက်ပျော သီး၊ သရက်သီး၊ ငရုတ်ကောင်းနှင့် ဒူးရင်းသီးကဲ့သို့သော အရည်အသွေးမြင့် စိုက်ပျိုးရေးပစ္စည်းများကို  ဦးစားပေးအခွန်များဖြင့်   တရုတ်နိုင်ငံသို့   တင်ပို့ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ