နေပြည်တော်       ဇန်နဝါရီ       ၄

 အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားခရိုင် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပေးအပ်ချီးမြှင့်

ယနေ့ပွဲစဉ်များအဖြစ် (မီတာ ၅၀၊ မီတာ ၁၀၀) အပြေးနှင့် လက်ဆင့်ကမ်း၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ယုန်ခုန်ပြေး၊ အာလူးကောက်၊ အိတ်စွပ်ပြေး၊ အပ်ချည်ထိုး၊ ဆန်ကောရွက်၊သံပရာသီး ဇွန်းကိုက်၊ သုံးချောင်းထောက်ပြေးပြိုင်ပွဲများတွင် Grade- 1 မှစ၍ Grade-12 တို့မှ ကျောင်းသားကျောင်းသူများက ပျော်ပျော်ပါးပါး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ပွဲစဉ်များတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား   မြန်မာနိုင်ငံ   အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊  ဦးဇင်မင်းထက်နှင့်     ဦးဖြိုးဇော်စိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊    အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက  ဆုငွေများပေးအပ်ချီးမြှင့်ကြသည်။

အလားတူ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်ပြီး ဇေယျသိဒ္ဓိရပ်ကွက်ရှိ  အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဦးဆောင်ပြီး အကွက်ကြီး(၁) ဘူးကွဲရှိ   အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ပြီး အကွက်ကြီး(၂)ဘူးကွဲရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အကွက်ကြီး(၃) ဘူးကွဲရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန က ဦးဆောင်ပြီး အကွက်ကြီး(၄) ဘူးကွဲရှိ  အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အကွက်ကြီး(၅) ဘူးကွဲရှိ အမှတ်(၁၁)  အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး သပြေကုန်းရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်က ဦးဆောင်ပြီး ရွာတော်ရှိ  အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတို့၌လည်းကောင်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ  အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း များတွင်  ၂၀၂၆  ခုနှစ်  (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ  အားကစားကျွမ်းကျင်သည့် အားကစားမှူး(နည်းပြ)များကို စနစ်တကျ တာဝန်ပေးအပ်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်