နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော် မာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ၊ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ၊ ခေါင်းအုံးရိုက် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲနှင့် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး) အပြေးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၆ နာရီမှစတင်၍ နေပြည်တော်ရာဇဌာနီလမ်း၊ ဥပ္ပါတသန္တိစေတီတော် ဘုရားကွင်းနှင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)၊ (၃)နှင့် (၄)တို့၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ နေပြည်တော် အားကစားနှင့် ကာယပညာ ကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ ပထမဆုံးပွဲစဉ်ဖြစ်သည့် ၂၁ ကီလိုမီတာ အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) မာရသွန်ပြိုင်ပွဲ ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ ဒုတိယပွဲစဉ်ဖြစ်သည့် အသက် ၁၄ နှစ်မှ ၁၆ နှစ် အတွင်း ၁၀ ကီလိုမီတာ (အမျိုးသား/ အမျိုးသမီး) မာရသွန်ပြိုင်ပွဲကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးကလည်းကောင်း၊ တတိယနှင့် စတုတ္ထပွဲစဉ်များဖြစ်သည့် အသက် ၁၃ နှစ် အောက် ငါးကီလိုမီတာ (အမျိုးသား/ အမျိုးသမီး) မာရသွန်ပြိုင်ပွဲများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့ကလည်းကောင်း သေနတ် ပစ်ဖောက် တာလွှတ်ပေးပြီး အားကစားသမားများ၏ ယှဉ်ပြိုင်ပန်းဝင်လာမှုများကို ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ နှစ်သိမ့်ဆု ရရှိခဲ့ကြသူများနှင့် ၂၁ ကီလိုမီတာ အမျိုးသမီး (အလွတ်တန်း) မာရသွန်ပြိုင်ပွဲတွင် စံချိန် ၁:၂၄: ၅၁ ( ၁ နာရီ ၂၄ မိနစ် ၅၁ စက္ကန့်) ဖြင့် လူငယ်မျိုးဆက်သစ် စံချိန်သစ်တင်နိုင်ခဲ့သည့် Youth Camp မှ နှင်းပွင့်အောင်တို့အား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုကြေးငွေများနှင့် ထပ်ဆောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၄) ၌ ကျင်းပလျက်ရှိသည့် ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ကျင်းပလျက် ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး) မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ နှင့် မီတာ ၈၀၀ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


