နေပြည်တော် ဇန်နဝါရီ ၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)နှင့် (၄)တို့၌ ကျင်းပသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပရာ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲစဉ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ ဗိုလ်လုပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းတို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် ဦးမြင့်ထွေးတို့ကလည်းကောင်း၊ တတိယဆုရရှိခဲ့သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ကို ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းတို့ကို ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဦးလှအောင်တို့ကလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ကို အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူတို့က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
အလားတူ လေ့ကျင့်ရေးကွင်း အမှတ်(၄)၌ ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ တတိယလုပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၁၂မှတ်-လေးမှတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃၀ မှတ်- ကိုးမှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိ သည်။
ပြိုင်ပွဲများအပြီးတွင် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူကလည်းကောင်း၊ တတိယဆုရရှိခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာကြည်က လည်းကောင်း၊ ပထမဆုရရှိခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးတို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ ပူးပေါင်းဆောင်ရွက်မှုရှိစေရေး၊ လုပ်ငန်းခွင် ပျော်ရွှင်စေရေးနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများပြုလုပ်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ နှင့် ပြေးခုန်ပစ် (မီတာ ၁၀၀၊၂၀၀၊ ၄၀၀၊ ၈၀၀) အပြေးပြိုင်ပွဲများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၁)၊ (၃)နှင့် (၄)တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


