ပေကျင်း  ဇန်နဝါရီ  ၈

ဒိုင်လူကြီးများအတွက်    နည်းပညာများ   အဆင့်မြှင့်တင်ရန်၊ ပွဲစဉ်အလိုက် သုံးသပ်အကဲဖြတ်နိုင်စွမ်း ပိုမိုကောင်းမွန်စေရန်နှင့်   ပရိသတ်များ၏  အာရုံစိုက်မှုကို မြှင့်တင်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် တရုတ်နည်းပညာကုမ္ပဏီ Lenovo က တီထွင်ထားသော ဉာဏ်ရည်တု (AI)   နည်းပညာများကို   အသုံးပြုသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်  (ဖီဖာ) နှင့် ယင်း၏  တရားဝင်နည်းပညာမိတ်ဖက်ဖြစ်သော Lenovo တို့က ဇန်နဝါရီ ၇ ရက်တွင် ပူးတွဲကြေညာခဲ့သည်။

ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံတို့တွင် ပူးတွဲကျင်းပမည့်   ၂၀၂၆   ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗီဒီယိုအကူဒိုင်စနစ် (VAR) အတွက် AI အထောက်အကူပြု  သရီးဒီပလေယာ အဗာတာ (avatar) ပုံရိပ် ဖော်စနစ်ဖြစ်သော Football AI Pro နှင့် ဒိုင်လူကြီး၏မြင်ကွင်းမှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်း Referee View အား အဆင့်မြှင့်ထားသော ဗားရှင်း တစ်မျိုးအပါအဝင် ရှင်းလင်းတိကျသည့်  အေအိုင်နည်းပညာများကို အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ နည်းပညာများကို  Lenovo   ကုမ္ပဏီက ကူညီပံ့ပိုးပေးမည်ဖြစ်သည်။

၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် အကြီးကျယ်အခမ်းအနားဆုံးပြိုင်ပွဲကြီး ဖြစ်လာမည်ဖြစ်ကြောင်း၊ ဖီဖာနှင့် Lenovo တို့သည် ဒစ်ဂျစ်တယ်နည်းပညာများနှင့်  ဉာဏ်ရည်တုနည်းပညာဖြစ်သည့် ‘Football AI’ ကို အပြည့်အဝအသုံးပြုပြီး ပြိုင်ပွဲဝင်အသင်းများနှင့် ပြိုင်ပွဲတာဝန်ရှိသူများကို အထောက်အကူပေးသွားမည်ဖြစ်ကြောင်းနှင့်    ကမ္ဘာတစ်ဝန်းက  ပရိသတ်များကိုလည်း အံ့မခန်းအတွေ့အကြုံသစ်များပေးသွားမည်ဖြစ်ကြောင်း  ဖီဖာဥက္ကဋ္ဌ  ဂျန်နီအင်ဖန်တီနိုက  ပြောသည်။

Lenovo ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ ယန်ယွမ်ချင့်က   ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသည် နည်းပညာပိုင်းအရ Lenovo ၏ AI  နည်းပညာများကို အသုံးပြုမည့် အဆင့်အမြင့်ဆုံး  အားကစားပြိုင်ပွဲတစ်ခုဖြစ်လာမည်ဟု ပြောကြားခဲ့သည်။       

ဆင်ဟွာ