ဇန်နဝါရီ ၉
၂၀၄၅ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅၀၀ တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ငါးခုပါဝင်ရန် ဗီယက်နမ်နိုင်ငံက ရည်ရွယ်ထားကြောင်း အစိုးရဝက်ဘ်ဆိုက်က သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပေါ်လစ်ဗျူရိုက မကြာသေးမီထုတ်ပြန်ခဲ့သော နိုင်ငံပိုင်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွင် ယင်းရည်မှန်းချက်ကို ဖော်ပြထားသည်။
အဆိုပါဆုံးဖြတ်ချက်တွင် ၂၀၄၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှရှိ အကြီးဆုံးကုမ္ပဏီ ၅၀၀ တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၆၀ ခန့်ပါဝင်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။ အဓိက၊ မရှိမဖြစ်နှင့် မဟာဗျူဟာကျသောကဏ္ဍများတွင် နိုင်ငံပိုင်စီးပွားရေး၏ ဦးဆောင်၊ ရှေ့ဆောင်နှင့် မဟာဗျူဟာကျသော လမ်းညွှန်အခန်းကဏ္ဍကို အပြည့်အဝအသုံးချရန်နှင့် ထိရောက်မှုတိုးတက်စေရန် ရည်မှန်းချက်ကို အလေးပေးဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


