နေပြည်တော် ၇ ဧပြီ

 

ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်လျက်ရှိရာ (၂၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး (The 23rd ASEAN Finance Minister’s Meeting-23rd AFMM)၊ (၅)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများ အစည်းအဝေး (The 5th ASEAN Finance Minister’s and Central Bank Governors’ Meeting – 5th AFMFM) တို့ကို ဧပြီ (၄) ရက်မှ (၆) ရက်အထိ ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ကျင်းပသည်။ ယင်းအစည်းအဝေးများ မတိုင်မီဧပြီ (၂) ရက်မှ (၃) ရက်အထိ အာဆီယံဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေး (ASEAN Finance Deputy Meeting – AFDM)၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Finance and Central Bank Deputy Meeting – AFCDM)၊ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN+3 Finance and Central Bank Deputy Meeting – AFCDM+3) ပုံမှန်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကိုလည်း ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းအဖွဲ့ တက်ရောက်သည်။

 

image

 

အစည်းအဝေးများတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေအပေါ် သုံးသပ်ချက်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံအား ကဏ္ဍအလိုက် ဆောင်ရွက်မှုများအပေါ် စီစစ်သုံးသပ်ပြီး စိန်ခေါ်မှုများအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အီလက်ထရောနစ်စနစ် အခြေပြု ဒီဂျစ်တယ် နည်းပညာသုံး ဆက်သွယ်ဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အဆီးအတားများအား ဖြေလျော့ပေးခြင်း၊ ဒေသတွင်း နိုင်ငံများတစ်ပြေးညီ ပေါင်းစည်းပါဝင်ခြင်းဖြင့် ဖွံ့ဖြိုးမှု ကွာဟချက်များ လျော့နည်းပြီး ရေရှည်တည်တံ့ခိုင်မာသည့် အားလုံးပူးပေါင်းပါဝင်သော အာဆီယံဒေသကြီးဖြစ်စေရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးရက်များအတွင်း ASEAN Business Council, ASEAN EU Business Council, ASEAN US Business Council အစည်းအဝေးများကိုလည်း ပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များဖြစ်သော အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ အာမခံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု၊ အကောက်ခွန်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု၊ အခွန်အကောက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ကျန်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)

 

image3 (