တွံတေး  ၁၆ ဧပြီ

 


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓဘိသေက မင်္ဂလာနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဧပြီ ၁၆ ရက် နံနက်ပိုင်းက မြောက်ဘက်စောင်းတန်းရှေ့၌ ကျင်းပခဲ့သည်။

 


နံနက် ၅ နာရီတွင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃာ့နာယကဆရာတော်များက ရွှေဆံတော်စေတီတော်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ကြပြီး နံနက် ၇ နာရီ မိနစ် ၂ဝ တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

 


အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆီးမီးထွန်းညှိပူဇော်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့မှ ခြင်းလုံးအလှခတ်ပွဲ၊ ဇာတ်ပွဲများ၊ အငြိမ့်ပွဲများ၊ မျက်လှည့်နှင့်က လေးကစားကွင်းများ၊ ဖျော်ဖြေပွဲများ၊ ဈေးရောင်းပွဲများကို ဧပြီ ၁၆ ရက်မှ ၃ဝ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

 


ထို့အတူ တန်ခူးလပြည့်နေ့ ဧပြီ ၁၉ ရက်နေ့တွင် ဘုရားဖူးလာပြည်သူများအား နံနက်စာထမင်း ဧည့်ခံကျွေးမွေးပြီး မွန်းလွဲပိုင်းတွင် တွံတေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၅၉ ကျောင်းမှ ကျောင်းထိုင်ဆရာတော် ၂၅၉ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်မည်ဖြစ်၍ လှူဒါန်းလိုသူများ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

 


မျိုးလှိုင်(တွံတေး) 

 

d