ဥတ္တရသီရိ စက်တင်ဘာ ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဂုဏ်ပြုအမှာစကားပြောကြားရာ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ် ပေါများခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ပညာအရည်အသွေး ပြည့်မီရေး၊ ခေတ်မီအတတ်ပညာများ သင်ကြားပေးနိုင်ရေးနှင့် မှန်ကန်သည့်တွေးခေါ်မြော်မြင်မှုများ ရရှိစေဖို့အတွက် လေ့ကျင့်ပျိုးထောင် ပေးခဲ့ကြသော ဆရာ ဆရာမများ၊ ပံ့ပိုးပေးခဲ့ကြသော မိဘများနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး ကြိုးစားခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်က ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်အောင်ချက် အကောင်းဆုံးမြို့နယ်ဆုနှင့် သုံးဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက နှစ်ဘာသာနှင့် တစ်ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


