ရန်ကုန် ဩဂုတ် ၂၂
(၃၁) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဆုချီးမြှင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် အမှုဆောင်ကော်မတီဝင်များ၊ ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဝင်များ၊ စာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ကော်မတီဝင်များ၊ စာပေဆုရ စာရေးဆရာကြီး ဆရာမကြီးများ၊ ပညာရည်ချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာ၌ ယနေ့ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု အပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့် သုတေသနစာပေဆု စုစုပေါင်း ၁၃ ဆုကို ချီးမြှင့်နိုင်ခဲ့သည့်အတွက် ဆုရရှိသူ စာရေးဆရာကြီး ဆရာမကြီးများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘာသာရပ်တိုင်းတွင် ဆုရရှိသည့် စာမူလက်ရာများသည် နိုင်ငံနှင့် ပြည်သူအတွက် သုတ၊ ရသနှစ်ဖြာ ဖြည့်ဆည်းပေးမည့် ဘဝလမ်းညွှန်စာမူကောင်းများ ဖြစ်ပါကြောင်း။
စာပေပညာရှင်များအနေဖြင့် အသက်ရာကျော်ရှည်လျက် ကျန်းမာစွာနှင့် စာပေများ ဆက်လက်ရေးသားနိုင်ပါစေ၊ မိမိတို့၏ ကလောင်အစွမ်းဖြင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ကြပါစေ၊ မြန်မာစာပေဖွံ့ဖြိုးရေးကို အထောက်အကူပြုနေကြသည့် ပခုက္ကူစာပေဆုအပါအဝင် အခြားပုဂ္ဂလိကစာပေဆုများ အဓွန့်ရှည်တည်တံ့ပြီး မြန်မာစာပေအကျိုးကို ဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က စာပေဆုရွေးချယ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ) ကို ဆုချီးမြှင့်ပြီး ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီသို့ အလှူငွေကျပ် ၇၅ သိန်းကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် (ငြိမ်း) က အလှူငွေကျပ် ၇၅ သိန်းနှင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းက လှူဒါန်းငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပခုက္ကူစာပေဆု ဝတ္ထုရှည် ဒုတိယဆုရ “ကိုယ်ချင်းစာနိုင်ကြပါစေ” ရေးသားသူ မောင်နေခြည် (ပြည်) နှင့် ပခုက္ကူစာပေဆု ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ “မခမ်းသော မြစ်နှင့် အခြားဝတ္ထုတိုများ” ရေးသားသူ ညိမ်းညိုတို့အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပခုက္ကူစာပေဆု ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ “အရုဏ်ဦးမှာ ကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ” ရေးသားသူ သက်ဦးခင်နှင့် ပခုက္ကူစာပေ ဆုဝတ္ထုတိုပေါင်းချုပ် တတိယဆုရ “ကျောင်းဆရာမလေးဖြစ်ချင်တယ်နှင့် အခြားဝတ္ထုတိုများ” ရေးသားသူ မေလတ်ဟန်တို့အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပခုက္ကူစာပေဆုကျမ်းစာပေ ဒုတိယဆုရ “ခေတ်ဟောင်း မြန်မာ့တေးဂီတအနုပညာဖြင့် တိုင်းပြည်ကို အလှဆင်ခဲ့ကြသူများ” ရေးသားသူ ခင်ဧ (စက်မှု) ကိုယ်စား မိသားစုဝင်တစ်ဦးနှင့် ပခုက္ကူစာပေဆု ကျမ်းစာပေ တတိယဆုရ “ပလ္လင်ရှစ်ခန်း ရွှေနန်းကိုးဆောင်”ရေးသားသူ ဦးဝင်းမြင့်မောင် (လင်းအရုဏ်ဦး) အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပခုက္ကူစာပေဆုရရှိသူများ၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုရရှိသူများနှင့် ပညာသင်ဆုရရှိသူများအား မြန်မာနိုင်ငံစာရေးဆရာအသင်း နာယက၊ အမျိုးသားစာပေ တစ်သက်တာဆုရှင် ဒေါ်ချိုချိုတင် (မစန္ဒာ)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပခုက္ကူစာပေ ရန်ပုံငွေဆုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးသိန်းခိုင်ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဦးလှခိုင်တို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် စာပေအလှူရှင် ပခုက္ကူဦးအုံးဖေ ကိုယ်စား ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးသိန်းခိုင်ဦးက စာပေဆုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပခုက္ကူစာပေ တစ်သက်တာဆုရ ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ) က ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


