မုံရွာ  ၁၉  ဧပြီ

 

ချမ်းသာကြီးမြတ်စွာဘုရားဂေါပက အဖွဲ့မှ ကြီးမှူးကျင်းပသော (၃၇)ကြိမ်မြောက် ဇီဝိတဒါန နွားဘေးမဲ့ ပွဲတော်တွင် အသက်ကယ်တင် ရရှိသော နွားများကို အလှူရှင်များ ကုသိုလ်ယူနိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ ချမ်းသာကြီးမြတ်စွာဘုရားကြီးမှ မုံရွာမြို့တွင်းသို့ လှည့်လည်ပြသခဲ့ကြောင်း သိရသည်။

 

ယခုနှစ်တွင်ကျင်းပသည့် (၃၇)ကြိမ်မြောက် နွားဘေးမဲ့ပွဲတော်တွင် ချမ်းသာကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့ ဦးစီးပြီး မုံရွာမြို့နယ်နှင့်အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့် ငွေကျပ် (၁၂၈)သိန်းဖြင့် ကယ်တင် ရရှိသည့် နွား(၂ဝ)ကောင်နှင့် တစ်ဦးချင်း လာရောက်လှူဒါန်းသည့် နွား (၂၅)ကောင်၊ စုစုပေါင်း (၄၅)ကောင်အား မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာဘေးမဲ့ခြံသို့ ဧပြီလ (၂၄)ရက်နေ့တွင် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

(၃၆)ကြိမ်မြောက်တွင် နွား(၃ဝ)ကောင်အား  မန္တလေးမြို့၊ တောင်စလင်းတိုက် ဘဒ္ဒန္တတိက္ခ ဦးစီးဖွင့်လှစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာ ဘေးမဲ့ခြံသို့လည်းကောင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် ယခုနှစ်တွင် ကယ်တင်ရရှိသော နွားများကိုလည်း ၄င်းဘေးမဲခြံသို့ ဆက်လက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)