(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပွဲ ကျင်းပမည်

စစ်တွေ  ၁၀  ဒီဇင်ဘာ 

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပွဲကို စစ်တွေမြို့ရှိ  ဝင်္ကဘာကွင်း ၌ ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ရိုးရာကျင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ နှစ်မျိုးရှိပြီး ရွှေမောင်းတန်းတွင် မြန်မာနိုင်ငံတစ်ဝန်းမှ ချန်ပီယံများ ဝင်ရောက်ယှဉ်ပြိုင် ရန် ဖိတ်ခေါ်ထားကြောင်းနှင့် ဒုတိယတန်းစားဖြစ်သည့် ငွေမောင်းတန်းတွင် မျိုးဆက် သစ်ဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

“ရခိုင်ရိုးရာကျင်ပွဲကို ရန်ကုန်၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းဒေသကြီးစတဲ့ ဒေသတွေမှာ ဒီဇင်ဘာ ၁၅ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်တွေ မြို့မှာကတော့ ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကျင်သန်တွေ စစ်တွေမြို့မှာကျင်းပမယ့် ရခိုင်ရိုးရာ ကျင်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် အခုလို စီစဉ်ထားခြင်းဖြစ်ပါတယ်။  ရွှေမောင်းတန်းမှာ အယောက် ၄၀ နဲ့ ငွေမောင်းတန်းမှာ ၃၂၀ ကျော်လောက် ပါဝင်ယှဉ်ပြိုင်မယ်လို့ ခန့်မှန်း ထားပါတယ်“ ဟု (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ရခိုင်ရိုးရာကျင်ပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုးပိုင်က ပြောသည်။

 

အဆိုပါရခိုင်ရိုးရာကျင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဟူ၍ ဆုလေးဆု ထည့်သွင်းထားပြီး ရွှေမောင်းတန်းတွင် ပထမဆုအတွက် ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု အတွက်  ငွေကျပ် ၂၄ သိန်းနှင့် ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၆ သိန်း ပေးအပ်ချီး မြှင့်သွားမည်ဖြစ်ပြီး ငွေမောင်းတန်းတွင် ပထမဆုအတွက် ငွေကျပ်၂၄ သိန်း၊ ဒုတိယဆု အတွက် ငွေကျပ် ၁၆ သိန်းနှင့် ပူးတွဲတတိယဆုအတွက် ငွေကျပ် ၁၂ သိန်း ပေးအပ်ချီး မြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ရခိုင်ရိုးရာ ကျင်ပွဲ ငွေမောင်းတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျင်သန်များအနေဖြင့် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီအထိလည်းကောင်း၊ ရွှေမောင်းတန်းတွင် ဝင်ရောက် ယှဉ်ပြိုင် မည့် ကျင်သန်များအနေဖြင့် ဒီဇင် ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီအထိ လည်းကောင်း နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်နေ့ ကျင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။

 

သတင်း- မော်စီ၊ ကိုမင်း

 

ဓာတ်ပုံ-တင်စိုး