နေပြည်တော် ဧပြီ ၂၇

(၅၁)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ တို့ကို  ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ပရီဆီဟာနုပြည်နယ်ရှိ Independence Hotel  တွင် လက်ခံကျင်းပရာ မဟာမဲခေါင်ဒေသခွဲခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဧပြီ ၂၅ ရက်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို ကျင်းပရာ မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်း တိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝက်(ဘ်)ဆိုဒ် ပြန်လည်ထူထောင်ထားရှိမှု၊ လူမှုကွန်ရက်များမှတစ်ဆင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ  ဆောင်ရွက်နေမှုအခြေအနေ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးတည်ထောင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးကို တရားဝင်ရပ်တည်မှုအဆင့်အတန်း ရရှိရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ 

ဧပြီ ၂၆ ရက်တွင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ ကို “Rethinking for Resilience and Digitalization” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံတကာနှင့် မဲခေါင်ဒေသတွင်းခရီးသွား လုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များမှ မဲခေါင်ဒေသအတွင်း ခရီးသွားလုပ်ငန်းများ ခိုင်မာအားကောင်းရေးနှင့် ခရီးသွားလုပ်ငန်းတွင် ကဏ္ဍစုံပူးပေါင်းပါဝင်မှု မြှင့်တင်ရေး၊ အဖွဲ့ဝင်နိုင်ငံအလိုက် အစားအစာအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ခရီးသွားဧည့်သည်များ၏ ကြိုက်နှစ်သက်မှုများကို အခြေခံ၍ အဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်းရိုးရာ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာဖြင့် ဖန်တီးမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများကို ဒီဂျစ်တယ်နည်းပညာဖြင့် ပိုမိုအဆင့်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်း ကဏ္ဍတိုးမြှင့်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ လေ့ကျင့်မွေးထုတ်ရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်း အာဏာပိုင်များ  ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ နှင့်ဆက်စပ်၍ ဒေသတွင်းခရီးသွားလုပ်ငန်း ဆွဲဆောင်မှုများနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများကို ခင်းကျင်းပြသသည့်အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပြခန်း(၂)ခု ပါဝင်ပြသ၍ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ရိုးရာယဉ်ကျေးမှုများနှင့် အစားအသောက်များကို ခင်းကျင်းပြသခဲ့ပြီး အဆိုပါဖိုရမ်နှင့် ခရီးသွားပြပွဲသို့ နိုင်ငံပေါင်း (၁၉)နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ် (၂၅၀)ခန့် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် (၅၂)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးတို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်ရှိကြောင်း သိရသည်။ 

သတင်းစဉ်