(၅၂) နှစ်ပြည့် ကမ္ဘာ့ကပ်ကျော် ဆုတောင်းပြည့်အောင်စေတီ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အာရုံခံ ကျောင်းဆောင်တော် ရေစက်ချအလှူတော်မင်္ဂလာကျင်းပ

ရန်ကုန်၊ မတ် ၂၄

တပေါင်းလပြည့်နေ့တွင် ကမ္ဘာ့ကပ်ကျော် ဆုတောင်းပြည့် အောင်‌စေတီ (၅၂) နှစ်ပြည့် အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အာရုံခံကျောင်းဆောင်တော် ပြုပြင်မွမ်းမံ အောင်မြင်မှု ရေစက်ချ အလှူတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ ဆုတောင်းပြည့် အောင်စေတီကျောင်းတိုက် အတွင်း၌ ကျင်းပသည်။

အလှူတော်မင်္ဂလာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး လမ်းမတော်မြို့နယ် သရက်တောကျောင်းတိုက် သာသနောဒယကျောင်းတိုက်ဆရာတော် ဦးပညာနန္ဒထံမှာ ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဇျာယ် ချီးမြှင့်တော်မူပြီး အရှင် သူမြတ်တို့အား အာရုံခံကျောင်းဆောင်တော်ပြုပြင်မှု အလှူရှင် ဦးအောင်ခိုင်-ဒေါက်တာ ဝါဝါစိန်မိသားစုနှင့် ဧည့်ပရိသတ်တို့က လှူဖွယ်ပစ္စည်းအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် သရက်တောကျောင်းတိုက် သာသနောဒယကျောင်းတိုက်ဆရာတော် ဦးပညာနန္ဒမှ အလှူရှင်အား ကမ္ဘာ့ကပ်ကျော် ဆုတောင်းပြည့်အောင်စေတီအရုဏ်ခံ ကျောင်းဆောင်တော် ပြုပြင်မွမ်းမံပြင်ဆင်ခြင်း အလှူတော်ဂုဏ်ပြုလွှာအား ချီးမြှင့်ပေးအပ်ပြီး ဆရာတော်မှ ဧည့်ပရိသတ်တို့အား အနုမောဒနာတရား ဟောကြားတော်မူကာ လှူဒါန်းမှုအစုစုတို့အတွက် ဧည့်ပရိသတ်များက ရေစက်သွန်းချ အမျှဝေကြသည်။

ယင်းနောက် ကမ္ဘာ့ကပ်ကျော်ဆုတောင်းပြည့်အောင်စေတီ သမိုင်းကဗ္ဗည်းကျောက် စာတိုင်အား သံဃာတော်အရှင်သူမြတ်တို့က အောင်သပြေဖြင့် အမွှေးနံ့သာများပက်ဖြန်း ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကာ သံဃာ‌‌ တော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)