လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူ့လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁

 

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း ကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား အမှတ်တရဂုဏ်ပြု သောအားဖြင့် (၁)မိနစ် ငြိမ်သက်ကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့ ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ “မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ ဆိုသည့်ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ထားပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိလာသည်မှာ ယခုအခါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ယနေ့ကာလတွင် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ် အောင်မြင်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပြီး တပ်မတော်၊ ပြည်သူတို့နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးကို လည်းပိုမိုလက်တွဲပူးပေါင်းဆောင်ရွက်ရန် အလေးထားသွားကြရမည်ဖြစ်ကြောင်း။

 

ထို့ပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်နှင့် ပြစ်မှုများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများ စုံစမ်းဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် လုပ်ငန်းတာဝန်(၆)ရပ်ကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံ

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံဒေသအနှံ့အပြားက ပြည်သူများအကြားတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ပြည်သူများ၏ လူနေမှုဘဝ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရခြင်းဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်း၊ အရည်အသွေးများအပြင် ပြည်သူ့ဆက်ဆံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း နားလည်ကောင်းမွန်နေဖို့လိုကြောင်း။

 

ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် ရွေးကောက်ပွဲသည် အဓိကအကျဆုံး ဒီမိုကရေစီကျင့်စဉ်တစ်ရပ် ဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို စတင်ကျင်းပ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ပြည်သူများလိုလား တောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ပြန်လည်ဖော်ဆောင်ခိုင်မာစေပြီး ပြည်သူ့လက်ကို အရောက်အပ်နှင်းတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူ့လုံခြုံရေးကို အလေးထား ဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

 

နိုင်ငံဖြတ်ကျော် မှုခင်းများသည် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ အဆိုပါမှုခင်းများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမဟုတ်သည့်အတွက် နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုနှင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသအဆင့် ကြိုးပမ်းဆောင်ရွက်မှုများအနေဖြင့် ဒေသဆိုင်ရာရဲအဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ တရားခံ ၅၁၁၅ ဦးကို စုစုပေါင်းတန်ဖိုးငွေကျပ် ၉၇၇ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုကဲ့သို့ ကမ္ဘာကိုဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ခဲ့ရာမှ ယခုထိန်းချုပ် ဓာတုပစ္စည်းလေးမျိုး ထပ်တိုးပြီး စုစုပေါင်း ၄၃ မျိုးကို ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

 

၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲတွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊ စုစုပေါင်း ငွေကျပ် ၁၀၇၂ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း။

 

မူးယစ်ဆေးသည် လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမည့် အန္တရာယ်ဖြစ်သဖြင့် မူးယစ်ဆေး ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များကအစ ဖော်ထုတ်ရှင်းလင်းသွားနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးကို အမျိုးသားရေးခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်လာစေရေး ပညာပေးခြင်း၊ ဆန့်ကျင်ခြင်း၊ နှိမ်နင်းခြင်းတို့ကိုလည်း ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ စတုတ္ထ ၅ နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ခုနှစ်ကို မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်၊ လုပ်ငန်းကဏ္ဍ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အမှုပေါင်း ၇၂ မှု စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျားသုံးဦးတို့ကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကာ မြန်မာငွေကျပ် ၄ ဒသမ ၆၀၅ ဘီလီယံခန့်ကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တရားမဝင် အွန်လိုင်းဂိမ်းနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှုတို့ကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမှု ၁၆၂ မှု၊ တရားခံ ကျား ၁၈၈၂ ဦး၊ တရားခံ မ ၆၀၉ ဦး စုစုပေါင်း ၂၄၉၁ ဦးကို အရေးယူနိုင်ခဲ့ကြောင်း။

 

ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စားမှုများနှင့် တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အမြဲအလေးထား အသိအမှတ်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကို စိစစ်ချီးမြှင့်ဂုဏ်ပြု ပေးလျက်ရှိကြောင်း၊ မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများ အပေါ်တွင်လည်း ဂုဏ်ယူလေးစားပါကြောင်းနှင့် မိသားစုများကိုလည်း အသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။

 

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက် နေ့မှ ယနေ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ရဲသူရတံဆိပ် ငါးဦး၊ ရဲဗလ တံဆိပ် ၂၀၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် တစ်ဦး၊ ရဲသူရိန်တံဆိပ် ၁၀ ဦး၊ ရဲကျော်စွာတံဆိပ် နှစ်ဦး အပါအဝင် စုစုပေါင်း ၄၅၈၇ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း။

 

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေး ငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်ဒေသများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်၊ ဒေသခံပြည်သူလူထု၊ သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်မှုအား အမြန်ဆုံးဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်း ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည် ပြည့်ဝရမည်၊ ခေတ်မီရမည် ဆိုသည့် မျှော်မှန်းချက်များနှင့် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်သွားကြရန်၊ ထိုသို့ တည်ဆောက်ရာတွင် ခေတ်မီ လက်နက် အသုံးအဆောင်ပစ္စည်းများ စသည်များကို ခေတ်ကာလနှင့် လျော်ညီ အောင် နိုင်ငံတော်က တိုးမြှင့်ဖြည့်ဆည်း ဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင် တစ်ဦးချင်းစီကလည်း အဖွဲ့အစည်း ကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စွမ်းရည်မြင့်မားရေး၊ အရည်အသွေးပြည့်မီ စေရေးတို့အတွက် စဉ်ဆက်မပြတ် လေ့ကျင့်ဖြည့်ဆည်း ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထုနှင့် အနီးကပ်ဆက်သွယ် ဆက်ဆံနေထိုင်ရသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ပြည်သူ့ဆက်ဆံရေး၊ ပြည်သူ့စည်းရုံးရေးတို့ကို ပြည်သူနှင့် တစ်ဆက်တည်းဖြစ်အောင် ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန် (၄)ရပ်နှင့် လုပ်ငန်းတာဝန် (၆)ရပ်တို့ကို အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် လေးဦးအားလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရရှိသူ သုံးဦးအားလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တစ်ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်ရရှိသူ နှစ်ဦးအားလည်းကောင်း ဂုဏ်ထူးဆောင် ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

ယင်းနောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာ ဆိုင်ရာပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပြခန်းများအတွင်း စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်