နေပြည်တော် စက်တင်ဘာ ၂၅
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၂၆၇ ဦးတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထောက်ပံ့ပေးအပ်
ထိုသို့ စုပေါင်းသွေးလှူဒါန်းကြသည့် သွေးလှူရှင် တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့်ဇနီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့သို့ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၆ ရက်တွင်လည်း နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၂၀၈ ဦး တို့က ဆက်လက်စုပေါင်း သွေးလှူဒါန်းကြမည်ဖြစ်သဖြင့် စုစုပေါင်းတပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၄၇၅ ဦး တို့က စုပေါင်းသွေးလှူဒါန်း သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


