၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် တနင်္ဂနွေနေ့တွင် မကွေးတိုင်း မင်းဘူး မြို့နယ် ထောက်ရှာပင်ရွာ၌ မွေးဖွားသည်။ အဖ ဧရာဝတီသင်္ဘော ကိုယ်စားလှယ် မစ္စတာ အိပ်ခ်ျဒဗလျူထရပ်(တ်) ဝိန်း၊ အဒေါ်ရွှေမြင့် ဖြစ်သည်။ ဒုတိယမြောက်သားဖြစ်သည်။

မင်းဘူးမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ထင်ရှားသော ကျောင်းနေဖက်တစ်ဦးမှာ ကိုဗဂျမ်း (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင်) ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ၁၀ တန်းအောင်မြင်သည်။ ၁၉၃၀-၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်သည်။ ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင်တပ်ခွဲ တပ်ထောက်ဖြစ်၍ သေနတ်ပစ်ထူးချွန်သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။

၁၉၃၆ ခုနှစ်တွင် ဝန်ထောက်စာမေးပွဲ (Combined B.C.S and Other Services Examination) နှင့် အိန္ဒိယပဋိညာဉ် (Indian Civil Service) အိုင်စီ အက်စ်စာမေးပွဲ နှစ်ရပ်လုံးအောင်မြင်သည်။ အိုင်စီအက်စ် စာမေးပွဲအောင်သူ သုံးယောက်အနက် (ဦးဘသန်း၊ ဦးဘကျော်၊ ဦးအုန်းမောင်) ပထမရသည်။

အင်္ဂလန် အောက်စဖို့ဒ်တက္ကသိုလ် ဂျီးဆပ်ကောလိပ် (Jesus College)၌ နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်ရေးပညာ သင်ခဲ့သည်။ အင်္ဂလန်တွင် ပညာသင်ကြားနေစဉ် “မျိုးချစ်စိတ် ထက်သန်၍ တိုင်းပြည်နှင့် လူမျိုးကို ထိလျှင် နည်းနည်းမျှ သည်းမခံနိုင်သူ၊ သူ့ကိုအင်္ဂလန်ရှိအငြိမ်းစား အိုင်စီအက်စ်အရာရှိကြီးအချို့က တိုက်ကြက်ကလေးဟု ကွယ်ရာတွင် ခေါ်လေ့ရှိကြောင်း” ပညာသင်ဖော် ဆရာမင်းသုဝဏ်က မှတ်တမ်းတင်ခဲ့သည်။

၁၉၃၈ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် မြန်မာနိုင်ငံဝန်ထမ်းအဆင့် (၁) အဖြစ် စတင်ခန့်အပ်ခံရသည်။ အင်္ဂလန်တွင် အိုင်စီအက်စ်ဝန်ထမ်းအဖြစ် ပညာသင်နေစဉ် ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယမှ သီးခြားခွဲထုတ်၍ ၉၁ ဌာန အုပ်ချုပ်ရေးသစ် စတင်ခဲ့ရာ အိုင်စီအက်စ် အခေါ်အဝေါ်မှဘီစီအက်စ် အဆင့် (၁) ဖြစ်လာသည်။ ၁၉၃၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက် မှ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်အထိ မိတ္ထီလာနှင့်သာစည်တွင် အလုပ်သင်နယ်ပိုင် ဝန်ထောက်၊ ထို့နောက် မန္တလေးအရှေ့နယ်ပိုင်ဝန်ထောက်၊ ၁၉၄၁ ခုနှစ် ဇွန်လ ၂၇ ရက်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဌာန၊ ကုန်သွယ်ရေး လက်ထောက် အတွင်းဝန်အဖြစ် ဂျပန်ဝင်လာသည့်တိုင် အမှုထမ်းခဲ့သည်။

ခရိုင်ဝန် ဦးဘိုးဘေ (K.S.M), (A.T.M) နှင့် ဒေါ်စိမ်းနုတို့၏ ပဉ္စမမြောက် သမီး မသိန်းကြွယ်နှင့်လက်ထပ်၍ သားသုံးဦး (ကိုတင်မောင်သိန်း၊ ကိုကိုလှ၊ မောင်မင်းမြင့်) ထွန်းကားသည်။ မသိန်းကြွယ်မှာ လွတ်လပ်ရေး ခေတ်ဦး ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမ္မတကြီး ဒေါက်တာဘဦးနှင့် မောင်နှမဝမ်းကွဲ တော်စပ်သည်။

စစ်ပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် သယ်ယူပို့ဆောင်ရေး နှင့် လမ်းပန်းဆက်သွယ်ရေးဌာန ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး ဝန်ကြီးများအစည်းအဝေး၌ ခရီးလွန်နေသည့် သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာနဝန်ကြီး စောစံဖိုးသင် ကိုယ်စား ဌာနလုပ်ငန်း ဝင်ရောက်အစီရင်ခံတင်ပြနေစဉ် နံနက် ၁၀ နာရီ ၃၇ မိနစ်၌ မသမာသူ သေနတ်သမားများ၏ လုပ်ကြံမှုဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ နှင်အကူ ကျဆုံးခဲ့ပါသည်။