နေပြည်တော် ၂၆ မတ်

 

သူရဲကောင်းဗိမာန်(နေပြည်တော်)၌ (၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၏ ရုပ်တုများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။

e1

အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာ ဆောင်ရွက်ခဲ့သည့် စွမ်းရည်သတ္တိဆိုင်ရာ အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိခဲ့သော အောင်ဆန်းသူရိယဘွဲ့ရ စစ်သည်များအတွက် အမှတ်တရအနေဖြင့် ဂုဏ်ပြုရုပ်တု တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သမိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရပြီး လွတ်လပ်ရေးကို ထိန်းသိမ်းသည့်ကာလများတွင် တာဝန်ထမ်းဆောင်ရင်း မိမိတို့၏  အသက်ကိုပင်ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာပေးဆပ်ခဲ့ကြသည့် အောင်ဆန်း သူရိယဘွဲ့ရရှိသူ သူရဲကောင်း ၆ ဦးရှိခဲ့ကြောင်း။

2

အာဇာနည်သူရဲကောင်းများကို နောင်လာနောက်သားများက အမြဲအမှတ်ရနေစေရန်၊ မျိုးဆက်သစ်လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန်အတွက် သူရဲကောင်းဗိမာန်နှင့် ယခုကဲ့သို့အမြင့်မားဆုံးစွမ်းရည်သတ္တိဘွဲ့ အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူများ၏ ရုပ်တုများကို ဂုဏ်ပြုထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နောင်လာနောင်သား အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အောင်ဆန်းသူရိယဘွဲ့ရရှိ သူများကဲ့သို့ မျိုးချစ်အာဇာနည်စိတ်ဓာတ်၊ တပ်မတော်သားများ၏ သစ္စာအဓိဌာန် (၄)ချက်နှင့်အညီ အမြင့်မြတ်ဆုံးသော စွန့်လွှတ်စွန့်စားတာဝန်ထမ်းဆောင်ခြင်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ထက်သန် ပြင်းပြသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ရှင်သန်လာစေရန်အတွက် ဆန္ဒပြုလိုက်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများက အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၏ ရုပ်တုများအား စက်ခလုတ်နှိပ်ဖွင့်လှစ်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် အောင်ဆန်းသူရိယဘွဲ့ရရှိသူများ၏ ရုပ်တုများအား လှည့်လည်ကြည့်ရှုကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အငြိမ်းစားတပ်မတော် အရာရှိကြီးများက သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများချ၍ နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့သူများအား အလေးပြုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါ အောင်ဆန်းသူရိယဘွဲ့ရရှိသူများ၏ ရုပ်တုများအား စကျင်ကျောက်များဖြင့် ထုဆစ်ထားပြီး အောက်ခံခုံအမြင့် ၄ ပေ၊ ရုပ်တုအမြင့် ၂ ပေရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)