mdn

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ်ဆောင်းပါး

===================================

သတင်းဆောင်းပါး - ဒေါက်တာချစ်စံ (ချစ်စံဝင်း)ဖ

ဗန်ကောက်မြို့တော်ရှိ     ဆူကွန်းဗစ်လမ်းမကြီးသည် ဗန်ကောက်မှ ကမ္ဘောဒီးယားနယ်စပ်တိုင်   ရှည်လျား၍ လှပတင့်တယ် ဂုဏ်ဝင့်ထည်သော  အရှေ့တောင်အာရှ လမ်းမကြီးတစ်စင်း ဖြစ်ပါသည်။ ဆူကွန်းဗစ်လမ်းမကြီး အလား၊ လှပတင့်ဆန်းဂုဏ်ဝင့်လျှမ်းသည့်  မြန်မာ့လမ်းမ ကြီး တစ်စင်းသည်ကား ရန်ကုန်မြို့မှ   မြေလတ်ပိုင်းရှိ ပြည်မြို့သို့တိုင်    ရှည်လျားသည့်      အရှေ့တောင်အာရှ တစ်လွှား ဂုဏ်ဝင့်ကြွားဖွယ်ရာဖြစ်သော ပြည်လမ်းမကြီး   ဖြစ်ပါသည်။

ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်ရှိ ဟံသာဝတီအဝိုင်း ကြီးနှင့် မျက်စောင်းထိုး ဓားလွယ်ခုတ်ကျကျတွင် သစ်ရိပ် သစ်ပင်တို့ ဝိုင်းပတ်ခြံရံလျက်ရှိနေသော အဆောက်အအုံ သည်ကား မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား  (Myanmar Radio and Television MRTV) အဆောက်အအုံ ဖြစ်ပါ သည်။

နှစ်လရှည်ကြာလာပါက တိုင်းနိုင်ငံတစ်ခုခုဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ မမေ့ကောင်းစရာ အတိတ် ဇာတ်ကြောင်း၊ သမိုင်းကြောင်းများသည်ရှိစမြဲ၊ ကျန်ရစ်စမြဲ ဖြစ်ပါသည်။ ၇၅ နှစ်မြောက်ရှိခဲ့ပြီဖြစ်သော မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားလုပ်ငန်းကြီးတွင်လည်း   မမေ့ကောင်း      စရာ အတိတ်ဇာတ်ကြောင်းများသည်လည်း ပြောမဆုံးနိုင် အောင်ပင် ရှိပါမည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (Myanmar   Radio and  Television) လုပ်ငန်းကို  ၁၉၄၆  ခုနှစ်  ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ၂၈ ဝင်ဒါမီယာခရက်ဆင့်တွင်   စတင် ထူထောင်ခဲ့သည်ဟု သိရသည်။ ၁၉၄၆ ခုနှစ်က စတင် ထူထောင်သည်ဟု ဆိုသောကြောင့် သက်တမ်းအားဖြင့် ၇၅ နှစ် စိန်ရတုကာလတိုင်ရောက်ခဲ့ပြီဖြစ်သည်။ မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြားကို  Burma  Broadcastion Service (BBS) ဗမာ့အသံအမည်ဖြင့်   ဖဆပလအစိုးရ အဖွဲ့  ဝန်ကြီးချုပ်ဦးနုက   စတင်တည်ထောင်ခဲ့သည်ဟု သိရသည်။ ဝန်ကြီးချုပ်ဦးနုသည် ထိုစဉ်က မြန်မာ့အသံနှင့် အတူ အရှေ့တောင်အာရှတွင်   အကြီးမားဆုံးဖြစ်သော မင်္ဂလာဒုံလေဆိပ်နှင့်  ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းတို့ကိုပါ    တစ်ပြိုင် နက်တည်း ရည်ရွယ်ချက်  မြင့်မြင့်မားမားဖြင့်   ထူထောင် ခဲ့သည်ဟု သိရသည်။

ကျွန်တော်သည် မြန်မာ့အသံ၏  မမေ့ကောင်းစရာ အတိတ်ဇာတ်ကြောင်းတို့ကို   စဉ်းစားရင်း   အတိတ်က မြန်မာ့အသံ၏ ဖြစ်ရပ်များကို တွေးနေမိပါ၏။

မြန်မာ့အသံနှင့် ကျွန်တော်ပထမဆုံး ပတ်သက်ခဲ့ဖူး သည်မှာ ၁၉၅၇ ခုနှစ်ကဖြစ်သည်။ ထိုနှစ်က ကျွန်တော် သည် ပဲခူးမြို့  အထူးသဒ္ဒါသင်အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံးမှ ဆယ်တန်း အောင်စာရင်းကို ရေဒီယိုမှ အသံလွှင့်ထုတ်ပြန်ကြေညာ ပေးသဖြင့် ကျွန်တော့်နာမည်ကို    ကျွန်တော်  ရေဒီယိုမှ ပြန်ကြားရသည်။  ဒါသည်လည်း   ကျွန်တော့်ဘဝတွင် မမေ့နိုင်စရာတစ်ခုပါ။

ဒုတိယအကြိမ်  ကျွန်တော်နှင့်    မြန်မာ့အသံတို့ ပတ်သက်ခဲ့ဖူးသည်မှာ ကျွန်တော့်တွင်  အဒေါ်တော်သူ ကျောင်းဆရာမတစ်ယောက်ရှိသည်။ ထိုအဒေါ်ဖြစ်သူက ရန်ကင်းတွင် ဆရာဖြစ်သင်တန်းတက်နေရာမှ ဗမာ့အသံမှ အရာရှိတစ်ဦးဖြစ်သူ ဦးမောင်မောင်ခင်နှင့်   အိမ်ထောင် ကျသည်။  ဦးမောင်မောင်ခင်က ‘‘တာရာ’’ဆိုသော စာအုပ် တစ်အုပ်ကို ဘာသာပြန်ထုတ်ဝေသည်။ ဒီတော့ ကျွန်တော် သည်လည်း ဗမာ့အသံသို့ ဝင်ဖူး၊  ထွက်ဖူး  အကြိမ်ကြိမ် ရှိလာသည်။  ထို့နောက် ကျွန်တော်စာရေးဆရာ ဖြစ်လာ တော့   မြန်မာ့အသံက   ကျွန်တော့်ဆောင်းပါးများကို ဖတ်ကြားအသံလွှင့်ခြင်း၊  ဝတ္ထုများကို ဇာတ်လမ်းဖန်တီးအသံလွှင့်ပေးခြင်းများ ပြုလုပ်လာရာက မြန်မာ့အသံနှင့် ကျွန်တော် နီးစပ်မှုပိုများလာသည်။ ထို့နောက်တွင်တော့ မြန်မာ့အသံနှင့် ကျွန်တော်  အဝင်အထွက်ရှိလာသည်။
ထိုမျှသာမက  မြန်မာ့အသံဝန်ထမ်းဖြစ်ကြသူများ နှင့် မိတ်ဆွေရောင်းရင်းဖြစ်လာကြသည်။ အစိုးရဌာနများ၊ ဝန်ကြီးဌာနများက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ များသို့ ကျွန်တော်တို့နှင့် မြန်မာ့အသံသတင်းသမားများ အတူသွားကြရာမှ   ကျွန်တော်တို့သည်   သတင်းယူဘက်၊ သတင်းဖလှယ်ဘက် ဖြစ်လာသည်။

ထိုစဉ်က ပရိသတ်အသည်းစွဲ မြန်မာ့အသံသတင်း သမားများကို  ပြန်လည်မှတ်မိသမျှ  တင်ပြရသော် ကမ္ဘာ့ ဂီတသတင်းများကို  ကြေညာသူ  အဘ  ဦးသန်းမြင့်၊ ဇာတ်လမ်းပမာစီစဉ်သူ မိတ်ဆွေကြီး  စန္ဒရားအောင်ခင်၊ တိုက်ရိုက်ထုတ်လွှင့်သော ဘောလုံးပွဲသတင်းနှင့် အခြား သတင်းများ ကြေညာသူ သခင်တင်ဦး၊ ညွှန်ကြားရေးဝန် (စာရေးဆရာ K ) ဦးခင်ဇော်၊ ဒေါ်သန်းနှစ် (ပြုံးခင်ဇော်၏ မိဘများ) ဦးခင်အောင်တင်၊ ဘောလုံးပွဲသတင်းကြေညာသူ ကိုဝင့်အောင်တို့သည်   ကျွန်တော်မှတ်မိသမျှ၊   သတိရ သေးသမျှ  မြန်မာ့အသံဝိုင်းတော်သားများ၊ မြန်မာ့အသံ ဘက်တော်သားများ ဖြစ်ပါသည်။

အမှတ် ၂၈-ဝင်ဒါမီယာကရက်ဆင့်တွင် မြန်မာ့အသံ စတင်ဖွဲ့စည်းကတည်းက ပါဝင်လုပ်ဆောင်ခဲ့သူ ညွှန်ကြား ရေးဝန် ဦးဖေသော်-ဒေါ်လှထယ်၊ အင်္ဂလိပ်ပိုင်းအစီအစဉ် မှ ဦးလှဘူး-ဒေါ်လှညွန့်၊ ဒေါ်ယုယုမြိုင်၊   ဒေါ်ချိုချိုသင်း ကလေး၊ ဦးဘစိုးတင်၊ ဦးအယ်ဒီသွင်၊ အယ်လ်ဆင်ထွန်းငွေ တို့သည်လည်း မြန်မာ့အသံ၏ မမေ့ရက်စရာ ဝိုင်းတော် သားများဖြစ်ပါ၏။ ထို့ပြင် ရုပ်ရှင်သရုပ်ဆောင်မင်းသား ကြီး ဗိုလ်ဗကို၏  ဇနီး ဒေါ်ခင်ခင်ကြည်၊  လေးစားစရာ သတင်းကြေညာသူ အစ်မကြီး ဒေါ်မြနှစ်၊ မိတ်ဆွေကြီး ကိုဖိုးအေး၊ လူကြိုက်များလှသော သီရိဂေဟာအစီအစဉ် ကို စီစဉ်သူ ဦးအောင်မြင့်နှင့် ဒေါ်ခင်ခင်ကြည် (ကိုမြသီး- မခင်မူ)၊ ဒေါ်ခင်သိန်းဆွေ၊ ဒေါ်မေလှမြိုင်၊ ဒေါ်ခင်မာလာ ထွန်း၊ ဒေါ်ချစ်စံပယ်၊  ဒေါ်မာမာအေး၊   ဒေါ်တင်တင်မြ၊ ဓာတ်ပြားတိုက်မှူး တွံတေးသိန်းတန်တို့သည်လည်း အတွဲ ညီညီဖြင့် မြန်မာ့အသံကို မေ့မရအောင် ဖန်တီးလုပ်ဆောင် ခဲ့ကြသောဝန်ထမ်းများ ဖြစ်ပါ၏။     အခြားသူများလည်း ရှိနိုင်ပါသေးသည်။   ကျန်ရစ်ခဲ့ပါက   ကျွန်တော်လည်း အသက် ၈၀ ကျော်ပြီဖြစ်၍    ခွင့်လွှတ်ဖို့ရန်သာရှိပါသည်။

လွတ်လပ်ရေးရယူပြီးသည့် အချိန်မှစ၍  ၇၅  နှစ် သက်တမ်းတိုင် သယ်ပိုးထမ်းရွက်ခဲ့သည့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ အသံလွှင့်၊  အသံဖြန့်တာဝန်ကြီး များသည်ကား ကြီးမားများပြားလှပါပေ၏။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူတို့အား-
 (၁)  သတင်းပေးသည့်တာဝန်
 (၂)  ပညာဗဟုသုတပေးသည့်  တာဝန်နှင့်
 (၃)  ဖျော်ဖြေရေးတာဝန်ဆိုသည့်     နိုင်ငံအတွက် အရေးကြီးသော တာဝန်ကြီးသုံးရပ်ကို ၇၅ နှစ် တာ ကာလပတ်လုံး တာဝန်ယူခဲ့သည်။

ပြည်သူသို့ သတင်းပေးတာဝန်

မြန်မာ့အသံသည်   ၇၅ နှစ်တာကာလအတွင်း ပြည်သူ လူထုအား  သတင်းပေးသည့်တာဝန်ကို     ယူခဲ့ရုံသာမက အသိပညာဗဟုသုတပေးသည့်  တာဝန်ကိုလည်း   ယူခဲ့ သည်။ ည ၈ နာရီ  သတင်းတီးလုံးလာပါက   တိုင်းပြည် တွင်  ဘယ်လိုသတင်းကောင်းတွေ၊ သတင်းဆိုးတွေများ ထွက်ပေါ်လာမည်ကို ပြည်သူတစ်ရပ်လုံးက နားစွင့်နေ ကြသည်။ ယင်းတီးလုံးမှာ   ရွာစားကြီး   စိန်ဘမောင်၏ လက်သံဟု သိရသည်။ ပြည်သူတို့သည် တစ်နိုင်ငံလုံးနှင့် ပတ်သက်သောသတင်းများ၊ နောက်ဆုံးဖြစ် နိုင်ငံတကာ သတင်းများကို မြန်မာ့အသံ ည ၈ နာရီ သတင်းအစီအစဉ်မှ သိရသည်။ တပ်မတော်က  အာဏာသိမ်းသည့်သတင်း၊ ငွေစက္ကူများကို   တရားမဝင်ကြေညာခြင်း၊   ပါလီမန် ဖျက်သိမ်းခြင်းစသော တိုင်းတုန်၊ ပြည်တုန်သတင်းများကို ည ၈ နာရီ မြန်မာ့အသံအစီအစဉ်မှပင် ကြားကြရသည်။ ၇၅ နှစ်ကြာ ပြည်သူလူထုအား သတင်းပေးသည့် တာဝန် ကို မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားက  သတင်းတာဝန် ကျေပွန်ခဲ့ပါသည်။

ပညာပေးတာဝန်

၇၅ နှစ်တာကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသည် ပြည်သူလူထုအား အသိပညာပေးတာဝန်၊ အသိဉာဏ်ဗဟုသုတပေးတာဝန်စသည်တို့ကို   တာဝန် ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်သာမက စိုက်ပျိုးရေးနိုင်ငံ ကြီးတစ်နိုင်ငံဖြစ်သော အမိနိုင်ငံအတွက် ခေတ်မီစိုက်ပျိုး ရေး နည်းစနစ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဗဟုသုတ သတင်းများကိုလည်း ဖြန့်ချိခဲ့သည်။ ကျန်းမာရေး၊ ရောဂါ ဘယကင်းရှင်းရေး၊ စာရိတ္တကောင်းမွန်ရေး၊ လူမှုရေး၊ ဗဟု သုတတိုးပွားရေး၊ မိသားစုဘ၀ သာယာစိုပြည်ရေး တာဝန် များကို  မြန်မာ့အသံက  စေ့စေ့စပ်စပ်ပညာပေးခဲ့သည်။ ကျန်းမာရေးပညာပေးတာဝန်များကို ထမ်းဆောင်ရာတွင် ကလေးအထူးကုသမားတော်ကြီး  ပါမောက္ခ   ဦးတင်ဦး၊ မီးယပ်နှင့်     သားဖွားပါမောက္ခဆရာဝန်ကြီး    ဒေါ်မြမြ၊ ဒေါက်တာ ဒေါ်ရီရီလှ၊ ဒေါက်တာ အောင်ခင်ဆင့်၊ သွေးလွန် တုပ်ကွေးမှ တာဝန်ခံဆရာဝန်ကြီး ဒေါ်မျိုးအေး၊ ကျောင်း ကျန်းမာရေးမှ ဒေါက်တာ ဒေါ်မမရီ၊ ဒေါက်တာတင်ထွန်း ဦး၊ လူမှုဝန်ထမ်းမှ   ဒေါ်မြတ်မွန်၊   ပါမောက္ခဆရာကြီး ဒေါက်တာ မောင်မောင်ညိုနှင့် ဆရာမဒေါက်တာ နန်းဥမ္မာ အစရှိသော    ဆရာဝန်ကြီးများ၊    တာဝန်ရှိသူများသည်  မြန်မာ့အသံနှင့်တွဲ၍ လူထုကျန်းမာရေးပညာပေးလုပ်ငန်း များကို    လုပ်ခဲ့ကြသည်။   ဆရာကြီးဦးတင်ဦးသည် ပန်းသီးတစ်လုံးနှင့်    မြေပဲလက်တစ်ဆုပ်တွင်  မြေပဲ လက်တစ်ဆုပ်က  အာဟာရဓာတ်ပိုများ၍  ပန်းသီး တစ်လုံးက  ဈေးပိုကြီးကြောင်း အသိဉာဏ်တော်လှန်ရေး    အယူအဆများကို မြန်မာ့အသံနှင့်တွဲ၍ ကလေးကျန်းမာ ရေးအသိပညာ     ဗဟုသုတပေးခဲ့သည်မှာ     အမှတ်တရ     ဖြစ်ပါသည်။   မြန်မာ့အသံသည်   အစိုးရဝန်ကြီးဌာန အားလုံးနှင့်  တွဲဖက်ကာ လူထုပညာပေးလုပ်ငန်းအရပ်ရပ် ကို ၇၅ နှစ်တာ ထမ်းဆောင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်အရဆိုလျှင်လည်း သိပ္ပံဆိုင်ရာအကြောင်းအရာ များကို   စာပေဗိမာန်မှ  ဦးမျိုးသန့် (မောင်ဆုရှင်)၊  သိပ္ပံ မှူးတင် အစရှိသော စာရေးဆရာကြီးများသည် ဆယ်စုနှစ် နှင့်ချီကာ မြန်မာ့အသံမှနေ၍ သိပ္ပံဆိုင်ရာပညာပေးဟောပြောမှုများကို   လုပ်ဆောင်ခဲ့သည်။ ယဉ်ကျေးမှုအနုပညာ ကဏ္ဍတွင်လည်း  ပညာရှင်များသည်   မိမိတို့ တတ်သိ ကျွမ်းကျင်သော    အနုပညာအရပ်ရပ်ကို    မြန်မာ့အသံမှ တစ်ဆင့်   အသံလွှင့်မှတ်တမ်းတင်ခဲ့သည်မှာ   အမှတ်တရ ဖြစ်သည်။

ဖျော်ဖြေရေးတာဝန်

တောင်သူလယ်သမား အလုပ်သမားများ၊ ယဉ်ကျေးမှု အနုပညာရှင်များ၊ ပြည်သူ့ဝန်ထမ်းများသည်  လွတ်လပ် ရေး  ရပြီးသည့်နောက်ပိုင်းတွင်  မိမိတို့နိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ   ဖွံ့ဖြိုးတိုးတက်စေရန်   နေ့စဉ်  အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့   ပင်ပန်းကြီးစွာ  တာဝန်ထမ်းဆောင်ကြသူများအတွက် ပြည်သူများ အပန်းပြေစေရန် မြန်မာ့အသံသည် အနုပညာ အရပ်ရပ် တေးဂီတအဖုံဖုံ အကအခုန် အဆိုအတီး ကဏ္ဍ အစုံအလင်ဖြင့် အနုပညာဖျော်ဖြေမှုအဖုံဖုံကို ပေးခဲ့သည်။ စာပေ၊ ဂီတ၊ အပြောအဟော၊  ကွက်စိပ်၊   သီချင်း၊   ဆိုင်း၊  အငြိမ့်၊ တစ်ပင်တိုင်၊  ဇာတ်ပါမကျန်  အနုပညာကဏ္ဍ အရပ်ရပ်တွင်  ကဏ္ဍတိုင်း   လစ်လပ်မှုမကျန်ရှိအောင် အစီအစဉ်များ  ပြုလုပ်၍  ဖျော်ဖြေမှုများ  ပြုခဲ့သည်မှာ   မြန်မာ့အသံပင် ဖြစ်ပါသည်။

မြန်မာ့အသံနှင့် တစ်နှစ်တာ

ကျွန်တော့်အတွက် သတင်းစာဆရာ စာရေးဆရာဘဝ မြန်မာ့အသံနှင့် နှစ်စဉ်  တွဲဖက်လုပ်ဆောင်  ဖြတ်သန်းရ သည့်  အချိန်အခါများကလည်း လွမ်းစရာ၊ သတိရဖွယ်ရာ ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးနေ့သည် ဇန်နဝါရီလ  ၄ ရက်နေ့ ဖြစ်သည်။ လွတ်လပ်ရေးနေ့တွင် တစ်ချိန်က သူ့ကျွန်ဘဝ ရောက်ခဲ့ရသည်ကို ပြန်ပြောင်းသတိရရန် စာရေးဆရာတို့ က ရေးကြသားကြ၍ ပြည်သူလူထုကြီးအား သတိပေးကြ ရသည်။ ထိုအချိန်တွင် မြန်မာ့အသံကလည်း သူ၏ နေ့စဉ် အစီအစဉ်တို့ဖြင့် သူ့ကျွန်ဖြစ်ခဲ့ရသည့်ဖြစ်ရပ်များကို ပြည် သူတို့   မေ့ပျောက်ခြင်းမရှိရအောင် စီစဉ်သည်။   ထိုသို့ စီစဉ်ရာတွင် ဇာတ်လမ်းပမာနားဆင်စရာ   အစီအစဉ်ဖြင့် လည်းကောင်း၊ တေးဂီတအစီအစဉ်များဖြင့် လည်းကောင်း၊ ဟောပြောမှုအစီအစဉ်ဖြင့် လည်းကောင်း စီစဉ်ကြသည်။ ထိုအစီအစဉ်များတွင် စာရေးဆရာများ၊ သတင်းစာဆရာ များကလည်း သူ့ကဏ္ဍနှင့်သူ ပါဝင်ကူညီကြသည်။ ထိုအစီ အစဉ်များတွင် ပါဝင်ရသည်ကလည်း ပျော်စရာဖြစ်သည်။ ထိုအစီအစဉ်များတွင် ကျွန်တော်က ဇာတ်ညွှန်းဇာတ်လမ်း အကြောင်းအရာ ရွေးချယ်ရေးသားရသည့်ကဏ္ဍမှ ပါဝင်ရ သည်က များလှသည်။
ဖေဖော်ဝါရီလတွင်     ပြည်ထောင်စုနေ့ရှိသည်။ ညီအစ်ကို   တိုင်းရင်းသားများအကြောင်းကို   ဂီတဖြင့်  သီဆိုကြ၊  လက်ခုပ်လက်ဝါးဖြင့် သံပြိုင်သီဆိုကြရသည် များကလည်း  ပျော်စရာကောင်းပါသည်။  တောင်သူ လယ်သမားနေ့၊  အလုပ်သမားနေ့များတွင်လည်း  အလား တူ  အစီအစဉ်များ   ပြုလုပ်ကြသည်။   မြန်မာ့အသံမှ သူငယ်ချင်းရောင်းရင်း လုပ်ဖော်ကိုင်ဖက်တို့သည်လည်း အများအစား  မရှိတော့ပြီဖြစ်သည်။  ၇၅  နှစ်ဆိုသော ကာလတွင် မြန်မာ့အသံကို  ရောက်၍မှ  သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ  ဘဝရောက်ကြရပါသည်။  ဘာပဲဖြစ်ဖြစ် မြန်မာ့အသံ  ၇၅  နှစ်မြောက်  အထိမ်းအမှတ်   မဂ္ဂဇင်း တစ်စောင်ထုတ်မည်ဟု  ဆိုသဖြင့်  အဲဒီမဂ္ဂဇင်းထဲတွင် ဆောင်းပါးတစ်ပုဒ်တော့ ရေးသားရန် စိတ်ကူးနေချိန်တွင် မဂ္ဂဇင်းကော်မတီက  မြန်မာ့အသံအထိမ်းအမှတ်  မဂ္ဂဇင်း အတွက်  ဆောင်းပါးတစ်စောင်တောင်းလာ၍   ဝမ်းသာ အားရ ကြိုးစားပြီး ရေးလိုက်ရပါ၏။

၇၅  နှစ်မြောက် မြန်မာ့အသံ မဂ္ဂဇင်းကော်မတီက ဆောင်းပါးတစ်စောင်တောင်းကြောင်း  ဇနီးဖြစ်သူအား ပြောပြတော့ ဇနီးဖြစ်သူက  “မြန်မာ့အသံအတွက် ရေးစရာ တွေက အများကြီးပါ၊ ရှင်ရေးနိုင်ပါတယ်၊ ဒီနေ့က ဒီဇင်ဘာ လ ၁၁ ရက် မြန်မာ့အသံ ၇၅ နှစ်မြောက် စိန်ရတုအထိမ်း အမှတ်  ဖျော်ဖြေပွဲရှိတယ်။  ဒါကြောင့်   မြန်မာ့အသံနဲ့ ရေဒီယိုမှာ ထင်ရှားခဲ့တဲ့ သီချင်း ၇၅ ပုဒ်ကို ရွေးပြီး တစ်ပတ် မှာ ဆယ်ပုဒ်လောက်စီ  အပတ်စဉ် သောကြာနေ့တိုင်း (၈)နာရီ သတင်းအပြီးမှာ သီဆိုကြမယ်၊ ဒီနေ့ညမှာ  ပထမ ဆုံးပွဲစဉ်အဖြစ်    သီဆိုထုတ်လွှင့်ကြမှာ၊  ဆောင်းပါး မရေးသားခင်  အမှတ်တရ  မြန်မာ့အသံအထိမ်းအမှတ် သီချင်းသီဆိုပွဲကို   နားထောင်ကြတာပေါ့”   ဟုဆိုကာ   ကျွန်တော်တို့ ဇနီးမောင်နှံ မြန်မာ့အသံအထိမ်းအမှတ် ပထမဆုံးပွဲစဉ်ကို   နားထောင်ရန်   ပြင်ဆင်ကြပါသည်။ ကျွန်တော်တို့   ဇနီးမောင်နှံသည်  မြန်မာ့အသံ  အမှတ်တရ ကာလ   သီချင်းနားထောင်မယ်ဆိုတော့   ဒီကာလက “ကိုဗစ်” ကာလဖြစ်တာကြောင့် အဘိုးကြီးနှင့်အဘွားကြီး ခြောက်ပေကွာထိုင်ပြီး နားထောင်ရမည်ဆိုသော ကိုဗစ် စည်းကမ်းကိုလည်း လိုက်နာကြရသည်။

MRTV  အစီအစဉ် ဖန်သားပြင်ပေါ်၌ ပေါ်လာပါပြီ။ ဆိုမည့်သူတွေက - ဒေါ်တင်တင်မြ၊ ဒေါ်ထား၊ ကေဂျာနူး၊ ဒေါ်ဥမ္မာ၊ ဒေါ်ရီရီသန့်၊  ဒေါ်ခင်စိုးဝင်း၊  ဦးတင်ဦးလေး၊ သန်းမြတ်စိုး၊   မောင်ထွန်းမင်း  အစရှိသော အဆိုတော် အကျော်အမော်အနုပညာရှင်များက  အမှတ်တရ  အစွမ်း ကုန် သီဆိုဖျော်ဖြေကြပါသည်။  ဇနီးဖြစ်သူက တေးဂီတကို ဝါသနာပါသူမို့ ဖျော်ဖြေမှုအစီအစဉ်ကို ကြည့်ရှုရင်း ကျေနပ် ကြည်နူးဝမ်းသာနေပါသည်။ ကျွန်တော်ကတော့ အထိမ်း အမှတ်အဖြစ် သီဆိုနေကြသော သီချင်းများကို နားထောင် ရင်း  ၇၅  နှစ် ကာလ  အမိမြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသော သမိုင်းဖြစ်ရပ်များကို ပြန်လည်သတိရရင်း အတွေးများစွာ က   အတိတ်ဆီသို့    ပြန်လည်ရောက်ရှိသွားပါသည်။ ကျွန်တော်ရေးသားရမည့်    အကြောင်းအရာများလည်း ခေါင်းထဲတွင် အစီအစဉ်အလိုက် ပေါ်လာပါသည်။ ပေါ်လာ သည့်အတွေးများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနကြီး  ၇၅  နှစ်ကြာ ထမ်းဆောင်ခဲ့သည့် သတင်းပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေခြင်း တာဝန်များဖြစ်ပါသည်။