နေပြည်တော် ဖေဖော်ဝါရီ ၁၁

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ဆင်သေချောင်း ယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေခြင်း” အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအနီးရှိ ဆင်သေချောင်းယာယီ ရေထိန်းဆည်တွင် ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေအသုံးချမည့်တောင်သူ လယ်သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရေအသုံးချမည့်တောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်၍ အခြား တိုင်းဒေသကြီး ပြည်နယ်များ ၏ စံပြမြို့တော်ဖြစ်စေရေး ကြိုးပမ်းလျက်ရှိရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြေသောဒေသ ဖြစ်လာစေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့်အတူ သီးထပ်စွမ်းအား  တိုးတက်မြင့်မားစေရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ ရေရနိုင်မည့် အရင်းအမြစ်များရှာဖွေခြင်း၊ ရှိပြီး သဘာဝရေအရင်းအမြစ်များ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ချောင်းပိတ်၊ မြောင်းပိတ်၊ ယာယီရေထိန်းတမံများ တည်ဆောက်ခြင်း၊  စုဆောင်းရရှိလာသော ရေများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်သုံး ဆိုလာစနစ် လျှပ်စစ်ရေတင် စက်များဖြင့် စိုက်ခင်းများသို့ ရေပေးဝေရေးလုပ်ငန်းများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အချို့၌ ရှေ့ပြေးစံပြပုံစံဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တောင်သူတစ်ဦးချင်း လုပ်ကိုင်ရန်ခက်ခဲနိုင်သော်လည်း လယ်ယာကုန်ထုတ် သမဝါယမအသင်းများဖွဲ့စည်းပြီး အသင်းဝင်များ၏ ရင်းနှီးမြုပ်နှံမှုဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ၊ တန်ဖိုးမြင့်လယ်ယာသုံးစက် ကိရိယာများ စုပေါင်းအသုံးပြုရေး လုပ်ငန်းများကို ကြိုးပမ်းကြရန် ဖြစ်ကြောင်း၊ နိုင်ငံတော်ကစိုက်ပျိုးရေးကဏ္ဍတိုးတက် ဖြစ်ထွန်းလာစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိနေမှုအပေါ် တောင်သူလယ် သမားများအနေဖြင့် ဧရိယာတစ်ခုချင်းစီကနေ ချိတ်ဆက်ပြီး ဒေသတစ်ခုလုံး၏ လူမှုစီးပွားဘဝတိုးတက်ရေး ဝိုင်းဝန်းစုပေါင်း လုပ်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် က နိုင်ငံတော်အစိုးရက မျိုး၊ မြေ၊ ရေ၊ နည်း အပါအဝင် လိုအပ်ချက်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဒေသ၏ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေး ၊ တောင်သူများ၏ ဝင်ငွေမြင့်မားရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိရာ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တောင်သူကို ယ်စားလှယ်(၂)ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် တို့က ရေတင်စက် ခလုတ်နှင့် ရေဖြန်းစက်ခလုတ်တို့အားနှိပ်၍ ရေစတင်ပေးဝေခဲ့ကြသည်။

အလားတူ ဇေယျာသီရိမြို့နယ်၊ သာယာအေးကျေးရွာရှိ ဆင်သေချောင်း ယာယီ ရေထိန်းဆည်ဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တောင်သူကိုယ်စားလှယ် (၂)ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တို့က ရေတင်စက်ခလုတ်နှင့် ရေဖြန်းစက်ခလုတ် တို့အားနှိပ်၍ ရေစတင်ပေးဝေခဲ့ကြသည်။

ဆင်သေချောင်းနှင့် ပုလွေးချောင်းများရှိ နွေရာသီ ရေရှားပါးချိန်တွင် ရေစုဆောင်း ရနိုင်မည့်နေရာများတွင် ယာယီချောင်းပိတ် ရေထိန်းဆည်များ တည်ဆောက်ကာ ဘေးဝဲယာတစ်လျှောက်ရှိ နှစ်စဉ်တစ်သီး၊ နှစ်သီး ပုံမှန်စိုက်ပျိုးနေသော လယ်ယာ မြေများကို နွေသီးနှံအပါအဝင် သုံးသီးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ ဖွင့်လှစ်သည့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာရှိ ယာယီရေထိန်းဆည်မှ စိုက်ပျိုးမြေ(၁၈၅) ဧက နှင့် ဇေယျာသီရိမြို့နယ်၊ သာယာအေးကျေးရွာ ရှိ ရေထိန်းဆည် မှ စိုက်ပျိုးမြေ (၁၆၉)ဧကကို ရေပေးဝေလျက်ရှိကြောင်း၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်း ရေရနိုင်သည့်ချောင်းများပေါ်၌ ယာယီရေထိန်းဆည်များ တည်ဆောက် ၍ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ စိုက်ပျိုးမြေဧက စုစုပေါင်း(၁၆၄၉) ဧကကို စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ပြီး အချို့နေရာများတွင် စတင်ရေပေးဝေနေ ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်