မြစ်ကြီးနား ဇန်နဝါရီ ၁၀
(၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင် အုန်း၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ Jeng Phang နော်တောင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုး၊ ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ကရင်၊ ချင်းနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစကားပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံး ၂၀ ကို ပြည်နယ်အစိုးရအဖွဲ့ထံ လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မိသားစုများအတွက် MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံး ၂၀ ကို လှူဒါန်းရာ တိုင်းမှူးကလည်းကောင်း လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းချုပ်၊ ပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးခဲ့ကြသည့် မိသားစုဝင်များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားမျိုးနွယ်စုဝင်များနှင့် မနောအက ဦးဆောင်သည့် နောင်ရှောင်ဆရာကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မနောကွင်း၌ ကျင်းပသည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲတော်ဖွင့်ပွဲကို ရိုးရာအစဉ်အလာနှင့်အညီ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
မနောအက စုပေါင်းဆင်နွှဲ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုးနှင့် ဗမာ၊ ကရင်၊ ရခိုင်နှင့် ချင်းတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ မြို့ဖများနှင့် မနောအက ဦးဆောင်သူနောင်ရှောင် (Nau Shawng) များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော် ပြသသည့် မနောအကကို ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်းပျော်ရွှင်စွာ စုပေါင်းပါဝင်ဆင်နွှဲကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ဒေသထွက် MSME ပြခန်းများဖြစ်သည့် စိုက်ပျိုးရေးထုတ်ကုန်ပြခန်း၊ ဒေသတွင်းမွေးမြူရေး ထုတ်ကုန်ပြခန်း၊ ဒေသထွက် အသုံးအဆောင်နှင့် အသင့်စားစားသောက်ကုန်ပြခန်း၊ ရိုးရာအဝတ်အထည်ထုတ်ကုန်ပြခန်း၊ တိုင်းရင်းဆေးနှင့် သစ်၊ ဝါး၊ ကြိမ်ထည်ထုတ်ကုန် အသုံးဆောင်ပြခန်း၊ ပယင်းနှင့် ကျောက်မျက်အချောထည်အသုံးဆောင်ပြခန်းတို့ကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစကားပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့် အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ပထမဆင့် ရရှိကြသူများအား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ အဆင့်မြင့်ပညာ၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ကြပြီး ဆုရရှိကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသော (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက်လာ ကြသူများနှင့်အတူ ညစာအတူတကွ သုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ် ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၏ ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ကချင်ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
(၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် အဖွဲ့သည် ယမန်နေ့က တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ရင်းနှီးပျူငှာစွာ ကြိုဆိုကြသည်။
ဂါရဝပြုပေးအပ်
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် အဖွဲ့ဝင်များအား ကချင်ရိုးရာအင်္ကျီ၊ ရိုးရာဆောင်ဓား၊ ရိုးရာလွယ်အိတ်နှင့် ခေါင်းပေါင်းတို့ကို ဂါရဝပြုပေးအပ်ခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး ခြောက်ရက်အကြာ ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ ကချင်ပြည်နယ်ကောင်စီညီလာခံကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည့်အပြင် ထိုသို့ဖွဲ့စည်းခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇၈) နှစ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


