မြစ်ကြီးနား ဇန်နဝါရီ ၉

 

ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် ကချင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မနောပွဲပထမနေ့ အခမ်းအနားနှင့် အကြိုမနောပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆို သောအားဖြင့် အကြိုမနောပွဲကို အတူတကွပျော်ရွှင်စွာ ပူးပေါင်း ဆင်နွှဲခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့မနောပွဲတွင် ပါဝင်ဆင်နွှဲကြသူများအားလုံး ကျန်းမာ၊ ချမ်းသာပြီး အောင်မြင်သောဘဝ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ကချင်ပြည်နယ်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ် ဖြစ်လာပါစေကြောင်း ဆုမွန်ကောင်းတောင်း ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ကတ်သလစ် အသင်းတော် ဘုန်းတော်ကြီးက (၇၈)နှစ်မြောက် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် မနောအက အတွက် ကောင်းချီးတောင်းခံ၍ ဆုတောင်းဆက်ကပ် အပ်နှံပေးသည်။

 

ယင်းနောက် မနောအကကို မနောအက ဦးဆောင်သူ နောင်ရှောင်များနှင့် အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုး၊ ဗမာနှင့် ရခိုင်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ မနောကွင်းအတွင်း ရိုးရာ အစဉ်အလာနှင့်အညီ အတူတကွ တပျော်တပါး စုပေါင်းဆင်နွှဲကြသည်။

 

ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ် ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ ဘောလုံးကွင်းအတွင်း၌ ကချင် ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌနှင့် အသင်းဝင် များ ပူးပေါင်း၍ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်း အမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒူဒူရှရော် အသင်းနှင့် Kachin Youth FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးရာ Kachin Youth FC အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြိုင်ပွဲဝင်အသင်းရှစ်သင်း အတွက် တစ်သင်းလျှင် ငွေကျပ် ငါးသိန်းစီကို  လည်းကောင်း၊ ကချင်ပြည်နယ် ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် ပါဝင်ကူညီခဲ့ကြသူများ အား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီး များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက နေရာအလိုက် အကောင်းဆုံးဆုများနှင့် ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးဆုရရှိ သူများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများက တတိယနှင့် ဒုတိယဆုရအသင်း များကိုလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က ပထမဆုရအသင်း ကိုလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ၊ တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ် ချီးမြှင့်သည်။

 

ထိုမှတစ်ဆင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံ အားကစားခန်းမ၌ (၇၈)နှစ်မြောက် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲသို့ တက်ရောက် ပြီး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အထက်မြန်မာပြည် ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။

 

ယင်းနောက် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအဖြစ် ရွှေခါးပတ်ချန်ပီယံ ထွန်းနိုင်ဦးနှင့် သိန်း ၃၀ အောင်လံ ဆုရ အောင်ကိုလတ်တို့ တွဲဆိုင်း အပါအဝင် ရိုးရာလက်ဝှေ့ကလပ် များဖြစ်ကြသည့် YMA ကလပ်၊ ကျားဖေဖေကလပ်၊ မြစ်ကြီးနား ကလပ်၊ Nine Lethwei Club၊ ရွှေအောင်လံကလပ်၊ ဘွန်းဒူ ကလပ် စသည့်ကလပ်အသစ်များ မှ ခါးပတ်ပိုင်ရှင်များ၊ လူငယ် မျိုးဆက်သစ် လက်ဝှေ့သမားများ၏ ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှုအားပေးပြီး ရိုးရာလက်ဝှေ့ ပွဲအတွက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၅၀၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးက ငွေကျပ်သိန်း ၅၀ တို့နှင့်အတူ စိန်ခေါ်ထိုးသတ်သူများအတွက် ဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)