နေပြည်တော် ၃၁ မတ် 

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့တွင်  သတင်းတစ်ရပ်ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင်  နယ်မြေခံပြည်သူလူထု၏ လုံခြုံရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးကို တာဝန်ထမ်းဆောင်နေသည့် ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိ၊ ခထီးလှရဲစခန်းများအား AA အဖွဲ့က  ဇန်နဝါရီ ၄ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှု နောက်ပိုင်း၌ နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးယန္တရားကို ပျက်ပြားစေရန်နှင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ ရဲစခန်းများအား တိုက်ခိုက်ခြင်း၊ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းကြီးပေါ်၌ မိုင်းထောင်/မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရပ်ကွက်၊ ကျေးရွာဒေသအဆင့် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို လက်တွေ့ဆောင်ရွက် နေသည့် ရဲစခန်းမှူးများ၊ အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများထံ ကျည်ဆံထည့်ထားသည့် ခြိမ်းခြောက်စာများပေးပို့ခြင်း၊ လက်တွေ့ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိကြောင်း။

၎င်းကဲ့သို့ ဥပဒေမဲ့ဆောင်ရွက်ချက်များကြောင့် ၎င်းတို့နှင့် နီးစပ်ရာ ပြည်သူလူထုမှာ ကြောက်ရွံ့ထိတ်လန့်နေရပြီး ၎င်းတို့၏ အတင်းအဓမ္မစေခိုင်းနေမှုများ အား လိုက်ပါလုပ်ဆောင်နေရသည်ကို  တွေ့ရှိရကြောင်း၊  AA အဖွဲ့ အနေဖြင့် ၎င်းအခြေအနေအား အခွင့်ကောင်းရယူ၍ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ရယူကာ တပ်မတော်လုံခြုံရေး စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်/မိုင်းဆွဲတိုက်ခိုက်ခြင်းစသည့်  လုပ်ရပ်များကို ပြုလုပ်သည့် အပြင် ကျေးရွာ၊ ရပ်ကွက်အနီးထိတွေ့ တိုက်ပွဲအပြီး AA အဖွဲ့ကိုယ်တိုင် ရွာသား များအသွင် ဆောင်၍လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာနေဒေသ ခံတိုင်းရင်းသားများ အား ခြောက်လှန့်၍ မဟုတ်မမှန်သတင်းများ ပြောဆိုခိုင်း၍လည်းကောင်း လူမှုကွန်ရက် စာမျက်နှာများနှင့် website များတွင်တင်ကာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်လုပ်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း။

ထင်ရှားသော သာဓကအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ် ၂၃ ရက် ည ၇ နာရီခွဲ ခန့်တွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲကင်းစခန်းမှ စခန်းမှူး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်၌ စာရေးဆရာမ နွယ်သာဂီ ဆိုသူ အမျိုးသမီးတစ်ဦးက “တပ်မတော် အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားရန် ရည်ရွယ်၍” မဟုတ်မမှန်လုပ်ကြံ Live ထုတ်လွှင့်ဖော်ပြ ပြောဆိုခဲ့သဖြင့် လက်တွေ့ မြေပြင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဆိုပါအမျိုးသမီးမှာ ရခိုင်လူမျိုးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် နေထိုင်ခြင်းမရှိဘဲ လားရှိုးမြို့တွင်နေထိုင်ကာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေးအမှုဖွင့် ဆောင်ရွက်လျက်ရှိ ကြောင်း။

ထို့ပြင် မတ် ၂၉ ရက် တိမ်ညို-အောက်သကန် ကျေးရွာတိုက်ပွဲဖြစ်စဉ်၌လည်း လူမှုကွန်ရက်စာမျက်နှာနှင့် website များတွင် တပ်မတော်က လုပ်ကြံတိုက်ပွဲ ဖန်တီး၍ အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် ကျေးရွာနေ အမျိုးသမီး ၂ ဦး အပါအဝင် ဒေသခံများ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု  မဟုတ်မမှန် လုပ်ကြံဖော်ပြခဲ့ကြောင်း၊ ယင်းဖြစ် စဉ်နှင့် ပတ်သက်၍ အောက်သကန်ကျေးရွာမှ အုပ်ချုပ်ရေးတာဝန်ရှိသူ ကိုယ်တိုင် ဖြေကြားနေမှုအား မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင်  သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။

သို့ဖြစ်၍ AA အဖွဲ့၏  ဒေသခံများ အသွင်ယူ လုပ်ကြံဝါဒဖြန့်နေခြင်းနှင့် ဒေသခံများအား ခြိမ်းခြောက်၍ မဟုတ်မမှန် လိမ်လည်ပြောဆို ဝါဒဖြန့်နေခြင်းများအား  ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေဖြင့် ယုံကြည်ခြင်း မပြုကြရန်နှင့် ထိုသို့လုပ်ဆောင်နေမှုများ တွေ့ရှိ/သတင်းရရှိပါက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုသောအားဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းသတင်း ထုတ်ပြန်အပ်ပါကြောင်းဟု ဖော်ပြထားသည်။ 

(သတင်းစဉ်)