အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ကြီး ရှစ်ခုကို မြန်မာနိုင်ငံ၌ တည်ထောင်ထိန်းသိမ်းထား

ရန်ကုန် ဇန်နဝါရီ ၃၁

ကမ္ဘာကြီးပူနွေးလာမှုနှင့် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုတို့ကို ထိန်းချုပ်ကာကွယ် တားဆီးပေးနိုင်သည့် သစ်တောများနှင့် သဘာဝဥယျာဉ်ကြီးများကို ကမ္ဘာ့နိုင်ငံများ၌ ပြုစုပျိုးထောင်ထိန်းသိမ်းစောင့်ရှောက်ကြလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း အာဆီယံ အမွေအနှစ် အမျိုးသားဥယျာဉ်ကြီး ရှစ်ခုကို တည်ထောင်ထိန်းသိမ်းထားကြောင်း သိရသည်။

အမျိုးသားဥယျာဉ်ကြီးများကို ထိန်းသိမ်းခြင်းသည် ဇီဝအဝန်းနယ်မြေကို တည်ထောင်နိုင်ခြင်းဖြစ်ပြီး လူနှင့်သဘာဝ သဟဇာတဖြစ်တည်မှုကို ပေါင်းစည်းပေးခြင်း ဖြစ်၍ သာယာလှပသောကမ္ဘာကြီး တည်တံ့ဖွံ့ဖြိုးမှုအကျိုးကျေးဇူးကို ခံစားရရှိစေနိုင် မည်ဖြစ်သည်။ ဇီဝရပ်ဝန်းထူထောင်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့မှုကို ဖြစ်ထွန်းစေလျက်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲများရှင်သန်ရာ အမျိုးသားဥယျာဉ်ကြီးများ တည်တံ့ခိုင်မြဲမှုသည် လူသားတို့အတွက် စီးပွားရေး၊ လူမှုရေးနှင့် ဂေဟဗေဒစနစ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွယ်လျက်ရှိရာ ကမ္ဘာ့လူသန်း ၂၅၀ ကျော်၏ဘဝများနှင့်လည်း သက်ဆိုင်လျက်ရှိကြောင်း သုတေသနပညာရှင်များက သုံးသပ်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များဖြစ်သည့် အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊  အလောင်းတော်ကဿဖအမျိုးသားဥယျာဉ်၊ မိန်းမလှ ကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ကို နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး အမျိုးသားရေးစိတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဖြင့် အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုအကျိုးရလဒ်မှ ကမ္ဘာ့ရာသီဥတုထိန်းညှိမှုကို အထောက်အပံ့ဖြစ်စေလျက်ရှိရာ နိုင်ငံအတွက် ဂုဏ်တင့်လျက်ရှိသည်။

“နိုင်ငံမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းဟာ အရေးကြီးလာတယ်လို့ ပြောရမှာပါ။ ထုတ်ယူသုံးစွဲမှုချည်းပဲလုပ်လို့မရပါဘူး၊ ထိန်းသိမ်းမှုလည်းလုပ်ရမှာပါ။ နိုင်ငံအတွင်းမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲ နယ်မြေတွေ၊ သဘာဝသယံဇာတတွေ၊ မီခိုတောတွေ အားလုံးမှာ ထုတ်ယူသုံးစွဲမှုအပြင် ထိန်းသိမ်းရမယ်၊ ပြီးတော့ရေရှည်ထုတ်ယူ သုံးစွဲနိုင် တဲ့စနစ်ကိုသွားရမှာပါ။ အဲဒီအပိုင်းမှာ စီမံအုပ်ချုပ်မှုအပိုင်းဟာလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်က တစ်နိုင်ငံလုံးဧရိယာရဲ့ ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အထိ သဘာဝနယ်မြေတိုးချဲ့တဲ့စနစ်ကို လုပ်‌ဆောင်သွားဖို့ရှိပါတယ်။ ရေတို၊ ရေရှည် စနစ်နဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတွေကို တည်ထောင်လုပ်‌ဆောင်မှုဟာ သားစဉ် မြေးဆက်အထိ လက်ဆင့်ကမ်းသွားနိုင်ဖို့အတွက်ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေအားလုံးဟာ အရေးကြီးပါတယ်။ သဘာဝထိန်းသိမ်းရေး နယ်မြေအမျိုးအစားမတူညီပေမယ့် သူ့အပေါ်စီမံအုပ်ချုပ်မှုနဲ့ တန်ဖိုးဟာ အတူတူပါပဲ။  ဒါကြောင့် သဘာဝနယ်မြေဖြစ်တဲ့ အမျိုးသားဥယျာဉ်တွေ ရေရှည်တည်တံ့ဖို့အတွက် အားလုံးဟာ အရေးကြီးတယ်လို့ ပြောရတာပါ။ နိုင်ငံအတွက်ဂုဏ်ယူဖွယ်ဖြစ်တဲ့ အာဆီယံ အမွေအနှစ် အမျိုးသားဥယျာဉ်ကြီးရှစ်ခုကို ထိန်းသိမ်းနိုင်ဖို့ သက်ဆိုင်ရာဌာနတွေ၊ နိုင်ငံတကာအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက် နေပါတယ်။ အာဆီယံမှာဆိုရင် မြန်မာနိုင်ငံဟာ သဘာဝထိန်းသိမ်းရေး နယ်မြေတွေကို ထိန်းသိမ်းမှုအဆင့်ဟာ ထိပ်ပိုင်းမှာ ရှိနေပါတယ်”ဟု နတ်မတောင် အမျိုးသားဉယျာဉ် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်း က ပြောသည်။

မြန်မာနိုင်ငံ၌ သဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုးအစားများဖြစ်သည့် သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဥယျာဉ်၊ အဏ္ဏဝါအမျိုးသားဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေ၊ ဒေသအစုအဖွဲ့ သဘာဝထိန်း သိမ်းရေးနယ်မြေတို့ဖြင့် အမျိုးအစားများ ခွဲခြားထားပြီး သဘာဝနယ်မြေ အမျိုးအစား များအလိုက် အကျိုးပြုလျက်ရှိသည်။ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းလုပ်ငန်းတွင် မြန်မာနိုင်ငံအနေဖြင့် ထိပ်ပိုင်း၌ရပ်တည်လျက်ရှိရာ ယနေ့အထိ  သဘာဝထိန်းသိမ်း‌ရေး နယ်မြေ (၅၉)ခုအထိ တိုးချဲ့တည်ထောင်ထား၍ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းအထိ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်တည်ထောင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)