အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (၁၄) ကြိမ်မြောက်အစည်းအဝေးသို့မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော် မေ ၂
အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၄) ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် အရာထမ်းတစ်ဦးတို့လည်း လိုက်ပါတက်ရောက် ကြသည်။
(၁၄)ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက်မူကြမ်း ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးက အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအမြစ်များ စုစည်းအသုံးချရေးအကြား ကွာဟချက်မရှိစေရန်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသာမက သက်ဆိုင်ရာ အမျိုးသားအာဆီယံဌာနများ ခိုင်မာအားကောင်းရန်လည်း လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာမဟာဗျူဟာစီမံကိန်းများ ရေးဆွဲရာတွင် အထက်မှအောက်သို့လမ်းညွှန်ခြင်း (Top-Down Guidance) အပြင် အောက်မှအထက်သို့တင်ပြသည့် လုပ်ငန်းစဉ် (Bottom-Up Initiatives) ကို လည်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ မဏ္ဍိုင် (၃) ရပ် လုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်နှင့် အာဆီယံပေါင်းစည်း ဆက်သွယ်ရေးဆိုင်ရာကော်မတီတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ယင်းလုပ်ငန်းစဉ်များကို သင့်လျော်သည့်ကဏ္ဍတွင် ထည့်သွင်းရေး အကြံပြုဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် အာဆီယံစွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းတွင် တိုးတက်မှုများကို မှတ်သားခဲ့ကြပြီး အကြံပြုချက်နှင့်အညီ အကောင်အထည်ဖော်ရန်ကျန်ရှိသည့် အဆိုပြုလုပ်ငန်းစဉ်များကို စာရင်းပြုစုတင်ပြရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား တာဝန်ပေးအပ်ခဲ့သည်။ 
ထို့ပြင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာစီမံချက်၏ ဇယားပုံစံကို စကားပြေပုံစံပြောင်းလဲပြင်ဆင်ရန် တာဝန်ပေးအပ်ခဲ့ပြီး အာဆီယံစွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များ ထည့်သွင်းဖော်ပြမည့်ကဏ္ဍကို သင့်လျော်သည့်အချိန်မှ စဉ်းစားဆုံးဖြတ်ရန် သဘောတူညီခဲ့ကြ သည်။ 
အစည်းအဝေးကာလအတွင်း အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက် ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများနှင့် အာဆီယံပေါင်းစည်းဆက်သွယ်ညှိနှိုင်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရာ သက်ဆိုင်ရာမဏ္ဍိုင်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံကိန်းများရေးဆွဲမှု၏ တိုးတက်မှုများကို ရှင်းလင်းဆွေးနွေးကြပြီး မဟာဗျူဟာစီမံချက်များ ရေးဆွဲမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 
ထို့နောက် အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် မဏ္ဍိုင်(၃)ရပ်လုံးနှင့် သက်ဆိုင်ရာ လုပ်ငန်းစဉ်များအား ထည့်သွင်းဖော်ပြမည့်ကဏ္ဍ သတ်မှတ်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ဆိုင်ရာ ဟနွိုင်း ကြေညာချက်နှင့် လမ်းပြမြေပုံနှင့်အညီ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်တို့အကြား နီးကပ်စွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ရေးဆွဲရန်အတွက် ၂၀၂၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်