ရန်ကုန် ၃၀ မတ်
ယနေ့ နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာ (၅) ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းပေါ်တွင် အာဆီယံဒေသတွင်း ဒုတိယအကြီးဆုံး လူသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်း အရောင်းစင်တာ PRO 1 Global Home Center (Ayetharyar Branch) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အစိုးရအဖွဲ့ကလည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူလာစေရန် ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ တိုင်းပြည် ဖွံဖြိုးတိုးတက်လာတာနဲ့အမျှ တည်ဆောက်ရေး လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးမြှင့်ဆောင်ရွက်လာကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အရည်အသွေးပြည့်ဝပြီး အဆင့်အတန်းမြင့်မားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများရဲ့ လိုအပ်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုများများလာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ယခင်ကဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အဆင့်မြင့်မြင့်၊ ပစ္စည်းကောင်းကောင်း လိုချင်တယ်ဆိုရင် ဖွံဖြိုးတဲ့ နိုင်ငံတစ်ချို့နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက စင်တာကြီးတွေမှာ သွားရောက်ဝယ်ယူကြရတာပါ။ Pro 1 Global Home Center ဟာ အာဆီယံမှာ ထိုင်းနိုင်ငံပြီးရင် ဒုတိယအကြီးဆုံး စင်တာကြီးအဖြစ် သတ်မှတ်ခြင်းခံရတာကို သိရတာကလည်း မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ရော ရှမ်းပြည်နယ်သားတစ်ဦးအနေနဲ့ရော အထူးပဲ ဂုဏ်ယူမိပါတယ် '' ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောဆိုသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ချီးမြှင့် အားပေးကြသည်။ အရောင်းစင်တာ ဖွင့်ပွဲ့နှင့်အတူ ဈေးဝယ်ပရိသတ်အား အထူးလျော့ဈေးများ၊ ကံစမ်းမဲများဖောက်ပေးခဲ့သည့်အပြင်သင်္ကြန်ကာလ အထူးလျော့ဈေးအနေဖြင့် ဧပြီလ ၁၂ ရက်တွင်း ဝယ်ယူပါက နာမည်ကြီးအမှတ်တံဆိပ်များ၏ ကုန်ပစ္စည်းများအား ၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အထူးလျော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
“တောင်ကြီးက PRO 1 ရဲ့ ခုနှစ်ဆိုင်မြောက်ပေါ့၊ တောင်ကြီးက နယ်စပ်နဲ့လည်းနီးတော့ ဖွံဖြိုးတဲ့မြို့လည်းဖြစ်တယ်၊ ဆောက်လုပ်ရေးနဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေပါမယ်၊ အဓိကတော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ် ပစ္စည်းတွေများတယ်။ နောက် ဂျပန်နဲ့ Europe ကသွင်းတဲ့ ပစ္စည်းတွေ ရှိတယ်” ဟု Pro 1 Myanmar မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးထွေးကပြောသည်။
အဆိုပါအရောင်းစင်တာမှာ ဒေသခံ (၂၅၀) ကျော်ကို အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများသာမက ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ်နှင့် ဥရောပနိုင်ငံများမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား တစ်ပြိုင်နက်တည်းရ ရှိနိုင်မည်ဖြစ်သည်။
Center တွင် အိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းများ၊ အမိုးနှင့် မျက်နှာကျက် အလှဆင်ပစ္စည်းများ၊ ဘိလပ်မြေနှင့် သံချောင်းများ၊ မီးဖိုခန်းသုံးပစ္စည်းများ၊ ရေချိုးခန်းသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ နံရံနှင့် အခင်းကြွေပြားများ၊ လျှပ်စစ်မီးနှင့် ဆက်စပ်ပစ္စည်းများ၊ အိမ်သုတ်ဆေးများနှင့် ဓာတုပစ္စည်းများ၊ တံခါးနှင့် ပြတင်းပေါက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ရေပိုက်နှင့် ဆက်စပ်ပစ္စည်များ၊ အိပ်ခန်းအသုံးအဆောင်နှင့် ပရိဘောဂပစ္စည်းများကို တစ်နေရာတည်းတွင် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


