ပရီမီယာလိဂ်ပွဲစဉ် (၂၂) မှ နော်တင်ဟမ်ဖောရက်စ်နှင့် အာဆင်နယ်အသင်းပွဲစဉ်ကို ဇန်နဝါရီ ၁၈ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။
တန်းဆင်းဇုန်ဖိအားရှိသည့် အာဆင်နယ်နှင့် အမှတ်ပေးဇယား ဦးဆောင်နေသော အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်ဖြစ်သောကြောင့် နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုပွဲစဉ် သရေကျခဲ့သည့်အတွက် အမှတ်ပေးဇယားကို ကိုးမှတ်ပြတ် ဦးဆောင်နိုင်မည့်အခွင့်အရေးတစ်ရပ်ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ နော်တင်ဟမ်အသင်းသည် အာဆင်နယ်အသင်း၏ ဖိအားပေးထိန်းချုပ်ကစားမှုကြောင့် အသင်းကစားပုံ ဟန်ချက်ပျက်ခဲ့သော် လည်း တုံ့ပြန်တိုက်စစ်ဆင်မှုမှတစ်ဆင့် ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ကို အခက်တွေ့အောင် ကစားနိုင်ခဲ့သည်။
နော်တင်ဟမ်အသင်း ဂိုးသမားဆဲလ်စ် လက်စွမ်းပြသနိုင်ခဲ့ပြီး အာဆင်နယ်အသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို ဟန့်တားကာကွယ်နိုင်ခဲ့သည်။ နော်တင်ဟမ်အသင်းသည် ပွဲချိန်တစ်လျှောက် အာဆင်နယ်အသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ခြောက်ကြိမ်သာရရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု မရှိခဲ့ ပေ။ ပြိုင်ဘက်အာဆင်နယ်အသင်းက ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်တွင် ဂိုးပေါက်တည့်မတ်မှု သုံးကြိမ်ရရှိခဲ့သည်။
ယခုပွဲစဉ် သရေကျခဲ့သည့်အတွက် နော်တင်ဟမ်အသင်းက ရမှတ် ၂၂ မှတ်ဖြင့် တန်းဆင်းဇုန်အထက် အဆင့် (၁၇) တွင် ရပ်တည်နေပြီး အာဆင်နယ်အသင်းက ဒုတိယနေရာမှ မန်စီးတီးအသင်းထက် ခုနစ်မှတ်အသာဖြင့် ရမှတ် ၅၀ ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားသည်။ အခြားပွဲစဉ်ရလဒ်များတွင် ချယ်ဆီးက ဘရန့်ဖို့ဒ်ကို နှစ်ဂိုး-ဂိုးမရှိ၊ လိဒ်စ်က ဖူလ်ဟမ်ကို တစ်ဂိုး-ဂိုးမရှိ၊ ဆန်းဒါးလန်းက ခရစ္စတယ် ပဲလေ့စ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဝက်စ်ဟမ်းက စပါးကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ပြီးလီဗာပူးနှင့် ဘန်လေအသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
အောင်ဇော်


