အစ္စတန်ဘူ ဇန်နဝါရီ
တူရကီသမ္မတ အာဒိုဂန်နှင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်တို့သည် ဒေသဆိုင်ရာ အရေးကိစ္စများ အထူးသဖြင့် ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံရှိ အခြေအနေများကိုတယ်လီ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း တူရကီနိုင်ငံ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာက အင်္ဂါနေ့က ပြောကြားသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု ယင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အစောပိုင်းက တူရကီသမ္မတအာဒိုဂန်သည် ဆီးရီးယား နိုင်ငံမြောက်ပိုင်းရှိ သူပုန်များ၏ နောက်ဆုံးအမာခံနယ် မြေဖြစ်သည့် အီဒလစ်ပြည်နယ်တွင် ဆီးရီးယားအစိုးရ၏ လုပ်ရပ်များကို ရပ်တန့်ရန်အတွက် အရာရောက်သည့် ဖိအားပေးမှုများပြုလုပ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ ရက်စက်သည့်လုပ်ရပ်များကြောင့် ယင်းဒေသမှ ထွက်ပြေးလွတ်မြောက်ရန်အတွက် လူပေါင်းလေးသိန်းကျော်သည် အီဒလစ်ပြည်နယ်မှ တူရကီနယ်စပ်သို့ စတင်ရွှေ့ပြောင်းလာကြသည်ဟု အာဒိုဂန်က ပြောသည်။
မကြာသေးမီကလည်း အာဒိုဂန်က လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် အိုင်အက်စ်နှင့်အယ်လ် ခိုင်ဒါကဲ့သို့သော အကြမ်းဖက်အုပ်စုများ ပြန်လည်ထကြွလာစေရန်အတွက် အခြေအနေများ ဖန်တီးပေးနိုင်သည်ကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လစ်ဗျား နိုင်ငံသည် ကုလသမဂ္ဂကအသိအမှတ်ပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လစ်ဗျားအမျိုးသားစစ်တပ်တို့ အကြားဖြစ်ပွားသည့် ပြည်တွင်းစစ်ကြောင့် ပြိုကွဲနေသည်။ ကမ္ဘာ့ခေါင်းဆောင်များက တည်တံ့သည့် အပစ်အခတ်ရပ် စဲရေးစာချုပ်ရရှိရေးအတွက် ညှိနှိုင်းကြရန် အဆိုပါ အဖွဲ့နှစ်ဖွဲ့ကို တွန်းအားပေးလျက်ရှိသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ၂၄ရက်က တူရကီနိုင်ငံ၏ အရှေ့ပိုင်း အီလာဇစ်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်နှင့်ပတ်သက်၍ တူရကီသမ္မတအား ဝမ်းနည်းစကား ပြောကြားခဲ့သည်။ ရစ်ခ်ျတာစကေး ၆ ဒသမ ၅ ပမာဏရှိသည့် ယင်းမြေငလျင်ကြောင့် လူပေါင်း ၄၁ ဦး သေဆုံးခဲ့ပြီး ၁၆၀၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်- အောင်ဇော်လင်း


