တောင်ကြီး ဩဂုတ် ၁၇
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျောင်းသားကျောင်းသူများက “ဘဝတွက်တာ ကျောင်းကျန်းမာ” သီချင်းဖြင့် သရုပ်ဖော် တင်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရ ပြည့်ပြည့်ဝဝစားကြစို့" ဗီဒီယိုကို ပြသသည်။
ပေးအပ်
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေးသီတင်းပတ် စာစီစာကုံးပြိုင်ပွဲ၊ အာဟာရချက်ပြုတ်ပြိုင်ပွဲနှင့် မိခင် နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသူများ၏ Exercise is Medicine သီချင်းဖြင့် သရုပ်ဖော် တင်ဆက်မှုကို ကြည့်ရှုအားပေးကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ ကလေးများအား အင်အားပြည့်ဗီတာမင်အေဆေးတိုက်ကျွေးနေမှု၊ သန်ချဆေး တိုက်ကျွေးနေမှု၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်အားတိုးဆေးပေးနေမှု၊ သံဓာတ် ဆေးပြားပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


