အာဟာရပြည့်ဝသော တိရစ္ဆာန်အစာ ကျွေးမွေးနိုင်ရန် နည်းပညာပေး လက်တွေ့သရုပ်ပြ

နေပြည်တော်၊ မတ် ၁၀
မွေးမြူရေးတိရစ္ဆာန်များ ကြီးထွားဖွံ့ဖြိုးမှုနှင့် အသားထွက်ရှိမှု မြင့်မားပြီး မွေးမြူရေး တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ် ရရှိရေးအတွက် မွေးမြူရေးတိရစ္ဆာန်အစာသည် လွန်စွာ အရေးပါလျက်ရှိသည်။ ၎င်းအပြင် စားကျက် အခက်အခဲရှိသည့် ဒေသများ၌ မွေးမြူရေး လုပ်ငန်းသူများအတွက်  တိရစ္ဆာန်အစာ လိုအပ်ချက်သည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့လျက်ရှိရာ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးနိုင်ရေးနှင့် တိရစ္ဆာန်အစာပြုပြင်စီမံ ဆောင်ရွက်ရန် နည်းလမ်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဖြန့်ဝေပေးခြင်းနှင့် လိုအပ်ချက်များ ကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စားကျက် အခက်အခဲရှိသည့် ဒေသများနှင့် တိရစ္ဆာန်အစာအစို မရနိုင်သော ခြောက်သွေ့ကာလတွင် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာ ကျွေးမွေးနိုင်ရန် တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ထုတ်လုပ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ နို့စားနွား မွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ၌ ကျင်းပခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိရစ္ဆာန် ကျန်းမာရေး လုပ်သားများနှင့် မွေးမြူရေး တောင်သူများ တက်ရောက်လေ့လာခဲ့ကြသည်။
သရုပ်ပြပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်ပုံနှင့် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ထုတ်လုပ်ပုံများကို လက်တွေ့သရုပ် ပြသပြီး မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် တိရစ္ဆာန် အစာ၏ အရေးပါပုံ၊ ရောဂါဒဏ်ခံနိုင်မှု၊ ထွက်ရှိလာသော အသား၏ စားသုံးမှုအရသာ အရည်အသွေးအပေါ် တိရစ္ဆာန်အစာ၏ လွှမ်းမိုးမှုတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်