(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး

 

mdn

 

မိုင်းပွန်စော်ဘွား စဝ်စံထွန်း (၁၉၀၇ - ၁၉၄၇)

 

ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးအဆင့် တောင်တန်းနှင့်ပြည်မ ပူးပေါင်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုတည်ထောင်ရေးတို့အတွက် အရေးပါလှသော သမိုင်းဝင် "ပင်လုံစာချုပ်"ကို လက်မှတ်ရေးထိုးသူများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုအပြီး ပထမဆုံးသော တောင်တန်းဒေသ ဝန်ကြီးအဖြစ် ရွေးချယ်ခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် ယာယီအမျိုးသားအစိုးရအဖွဲ့တွင် တောင်တန်းဒေသရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ် မသမာသူ လူတစ်စု၏ လုပ်ကြံမှုဖြင့် ဗိုလ်ချုပ်နှင့်အတူ ကျဆုံးခဲ့ရသည်။ လူသတ်သမား၏ သေနတ်ဒဏ်ရာဖြင့် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့ပါသည်။ လုပ်ကြံမှု မတိုင်မီဇူလိုင်လ ၁၈ ရက်ညတွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ် လောင်းဝစ္စလမ်း မြန်မာ့အသံညွှန်ကြားရေးဝန် ဦးခင်ဇော် (K) ထံ ခေတ္တပြောင်းရွှေ့နေသော ပြန်ကြားရေးဌာနဝန်ကြီး ဒီးဒုတ်ဦးဘချိုထံ လာရောက်လည်ပတ်ရင်း မြန်မာ့အသံဝန်ထမ်း ဦးဖေသော်၏ဇနီး ရှမ်းအမျိုးသမီး ဒေါ်လှထယ်အား မိုင်းပွန်စော်ဘွားကြီးက “ငါတော့ ဝန်ကြီး လုပ်ပြီး သေနတ်နဲ့ အပစ်ခံရတာထက် ကိုယ့်သတ္တုတွင်းမှာပဲ သတ္တုတူးသမား လုပ်နေချင်တော့တယ်”ဟု နောက်ဆုံးပြောခဲ့ပါသည်။

၁၉၀၇ ခုနှစ် မေလ ၃၁ ရက် သောကြာနေ့တွင် ရှမ်းပြည် (တောင်ပိုင်း) မိုင်းပွန်မြို့၌ဖွားသည်။ အဖ မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်ထီး၊ အမိ မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ ဖြစ်သည်။ ငယ်မည်မှာ စဝ်သာထွန်း ဖြစ်သည်။ ဖခင်ဖြစ်သူ စော်ဘွားကြီး စဝ်ခွန်ထီးမှာ အသက် ၇ နှစ်အရွယ်ကပင် မင်းတုန်းမင်း၏ မွေးစားသားအဖြစ် နန်းတွင်း၌ ကြီးပြင်းခဲ့၍ သီပေါမင်း ပါတော်မူချိန်တွင် လင်းပင်မင်းသား၏ ဦးဆောင်မှုကိုခံယူကာ ဗြိတိသျှတို့အား လက်နက်ကိုင် တော်လှန်ခဲ့သူဖြစ်သည်။ သတ္တိ ဗျတ္တိ အမြော်အမြင်နှင့်ပြည့်စုံ၍ လင်းပင်အုပ်စု၏ ဦးနှောက်နှင့်ဓားဟု တင်စားခံရသည်။

၅ နှစ်အရွယ်တွင် တရားမ စာရေးကြီး ဦးစံဖေထံမှ မြန်မာစာပေနှင့် အင်္ဂလိပ်စာ သင်ယူသည်။ ၇ နှစ်တွင် တောင်ကြီး ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်း (အထက ၂၊ တောင်ကြီး) ၌ ပညာဆက်လက်သင်ရာ ၁၀ တန်းအောင်သည်။ ထို့နောက် မိတ္ထီလာမြို့ စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ခြောက်လ အလုပ်သင်၊ ထို့နောက် မန္တလေးရဲအုပ်သင်တန်းကျောင်း၌ ခြောက်လ သင်တန်းတက်သည်။

ရဲအုပ်သင်တန်းဆင်းပြီး ဗန်းမော်တွင် အလုပ်သင် ရဲဝန်ထောက်အဖြစ် ခေတ္တဆောင်ရွက်သည်။ ထို့နောက် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံး၌ တာဝန်ထမ်းဆောင်သည်။ ၁၉၂၈ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် အခမ်းအနားဖြင့် “စော်ဘွား” အရိုက်အရာဆက်ခံ၍ မိုင်းပွန်စော်ဘွားအမည် တွင်ခဲ့သည်။

၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် သောကြာနေ့တွင် မိုးမိတ်စော်ဘွားကြီး စဝ်ခင်မောင် (စီအိုင်အီး၊ ကေအက်စ်အမ်)၊ မဟာဒေဝီ စောနန်းအိမ်တို့၏ သမီးတော် စဝ်ခင်သောင်းနှင့် လက်ထပ်သည်။ ယောက်ဖတော် မိုးမိတ်စော်ဘွား စဝ်ခွန်ချိုမှာ လွတ်လပ်ရေးရပြီးနောက် ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထင်ရှားသည်။ ။

မိုင်းပွန်စော်ဘွားကြီး၏ ဥပဓိရုပ်မှာ မျက်နှာဝိုင်း၊ နဖူးကျယ်၊ မျက်လုံး ပြူးကာ နားရွက်ကား၍ ကြီးသည်။ အသားမှာ အနီရောင်သမ်းသည်။ အရပ် ၅ ပေ ၆ လက်မ ရှိသည်။ လူမှုဆက်ဆံရေးပြေပြစ်သည်။ အောက်လက် ငယ်သားများ၏ ချစ်ခင်လေးစားမှုခံရသည်။ ဘာသာရေးကိုင်းရှိုင်း၍ ကွမ်း၊ ဆေး၊ အရက်သေစာ ရှောင်ကြဉ်သည်။ ငယ်စဉ်က ကျန်းမာရေးလိုက်စား၍ တင်းနစ်၊ ခရစ်ကက်၊ ဟော်ကီ၊ ဘောလုံးကစားသည်။ ဂိုးနှင့် ရှေ့တန်း ဘယ်ဝင်းကစားသမားအဖြစ် ထင်ရှားသည်။ ဂီတကိုလည်း ချစ်မြတ်နိုး၍ လေ့လာလိုက်စားသည်။ ပတ္တလား၊ လက်ဆွဲဘာဂျာ၊ ဘင်ဂျို၊ မယ်ဒလင်တို့ကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်သည်။ မြန်မာသီချင်းကြီး သီချင်းခံများရသည်။ စက်မှုလယ်ယာ စိုက်ပျိုးမွေးမြူရေး ဝါသနာပါ၍ ဓာတ်သတ္တု တူးဖော်ရေး၊ သမဝါယမ          လုပ်ငန်းများကိုလည်း စိတ်အားထက်သန်သည်။ ကိုယ်ပိုင်စာကြည့်ခန်းငယ်တွင် အင်္ဂလိပ်-မြန်မာစာအုပ်များထား၍ လေ့လာ သည်။ နဂါးနီထုတ် နိုင်ငံရေးစာပေများကိုလည်း ဖတ်ရှုသည်။

မိုင်းပွန်စော်ဘွားကြီးသည် အခြားစော်ဘွားကြီးများကဲ့သို့ ဟော်နန်းတွင် ဇနီးအများမထား၊ မဟာဒေဝီတစ်ဦးသာ ထားသည်။ မဟာဒေဝီ စဝ်ခင်သောင်း နှင့် သား နှစ်ဦး စဝ်ဆေဟုမ်၊ စဝ်ကိုင်ဖ၊ သမီး နှစ်ဦး စဝ်သုနန္ဒာ၊ စဝ်မြင့်ကြည် တို့ ထွန်းကားသည်။ မဟာဒေဝီမှာ ၁၉၄၅ ခုနှစ် ဂျပန်အပြေးတွင် မိုင်းပွန်တောတွင်း၌ ကွယ်လွန်ခဲ့သည်။ မဟာဒေဝီ ကွယ်လွန်ပြီး မိုင်းပွန် စော်ဘွားကြီးသည် ဒုတိယမဟာဒေဝီ မထားဘဲ သားသမီးလေးယောက်ကိုသာ ဂရုတစိုက် စောင့်ရှောက်ခဲ့သည်။ မဟာဒေဝီ၏ အသုဘအခမ်းအနားတွင် နယ်ရှင်စော်ဘွားများ စုဝေးမိရာမှ စစ်အပြီး နိုင်ငံရေး အပြောင်းအလဲတွင် ရှမ်းပြည်နှင့် နယ်ရှင်စော်ဘွားများ၏ အနာဂတ်အတွက် နည်းလမ်းရှာရန် မိုင်းပွန်စော်ဘွားကြီးအား တာဝန်ပေးအပ်ခဲ့သည်။

မိုင်းပွန်စော်ဘွားကြီး၏ ကြိုးပမ်းမှုဖြင့် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ရှမ်းပြည် မိုင်းကိုင်မြို့၌ နယ်ရှင်စော်ဘွားများစုဝေး၍ အစည်းအဝေး ကျင်းပသည်။ ထိုမိုင်းကိုင် အစည်းအဝေးတွင် “စဝ်ဖလုံကောင်စီ” ကို ဖွဲ့စည်းသည်။ စဝ်ဖလုံကောင်စီဝင်များအနက် ညောင်ရွှေ စဝ်ဖလုံစဝ်ရွှေသိုက် (ရှမ်း)၊ သထုံ စဝ်ဖလုံခွန်ကြည် (ပအိုဝ်း)၊ သာမိုင်းခမ်း စဝ်ဖလုံစဝ်ထွန်း (ဓနု)၊ တောင်ပိုင် စဝ်ဖလုံ ခွန်ပန်းစိန် (ပလောင်)၊ မိုးမိတ် စဝ်ဖလုံ စဝ်ခွန်ချို (ရှမ်း)၊ မြောက်သိန္နီ စဝ်ဖလုံစဝ်ဟုန်ဖ (ရှမ်း)တို့နှင့်အတူ မိုင်းပွန် စဝ်ဖလုံစဝ်စံထွန်း(ရှမ်း) သည် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။

စဝ်ဖလုံကောင်စီက ကြီးမှူး၍ ၁၉၄၆ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၈ ရက်အထိ ရှမ်းပြည်(တောင်ပိုင်း) ပင်လုံမြို့တွင် ဒုတိယအကြိမ် အစည်းအဝေးနှင့် ဟောပြောပွဲ၊ ပြပွဲ၊ ဆွေးနွေးပွဲများ ကျင်းပရာ ရှမ်းပြည် လူငယ်ခေါင်းဆောင် ကိုတင်ဧ၊ ကိုထွန်းမြင့်၊ ကိုခွန်ထီးတို့ ဦးဆောင်မှုဖြင့် ရှမ်းပဒေသရာဇ် စော်ဘွားများနှင့် ရှမ်းပြည်လူထု ပူးပေါင်းခဲ့သည်။ ရှမ်းစော်ဘွားများအနက် မိုင်းပွန်စော်ဘွားသည် ရှမ်းလူငယ် ခေါင်းဆောင်များနှင့် အရင်းနှီးဆုံးဖြစ်လာသည်။ ဤအစည်းအဝေးကို ဖဆပလအဖွဲ့ချုပ်မှ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား သခင်နု၊ ဦးဘဂျမ်း၊ မန်းဘခိုင်၊ အခြား နိုင်ငံရေးအဖွဲ့အစည်းများမှ နန်းရင်းဝန်ဟောင်း ဦးစော၊ မိတ္ထီလာဦးဘရင်နှင့် ကချင်ခေါင်းဆောင်အချို့ တက်ရောက်ရာ ပထမ ပင်လုံအစည်းအဝေးဟု ခေါ်တွင်ခဲ့သည်။ ဤအစည်းအဝေးတွင် မိုင်းပွန်စော်ဘွား စဝ်စံထွန်း သည် ခေတ်မီစက်မှုလယ်ယာ စိုက်ပျိုးရေးအကြောင်း ဟောပြောသည်။ ။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ ပြည်မနှင့် တောင်တန်းဒေသများ သွေးစည်းညီညွတ်ရေးအတွက် ပင်လုံညီလာခံ ကျင်းပခဲ့သည်။ ညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားများ၊ ကချင်ဒူဝါများ၊ ချင်းခေါင်းဆောင်များနှင့် တောင်တန်းဒေသ လူထုခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ ကရင် တိုင်းရင်းသား ခေါင်းဆောင်အချို့လည်း လေ့လာသူအဖြစ် ရောက်ရှိလာသည်။ ဗြိတိသျှအစိုးရဘက်မှ ဒိုမီနီယံဆိုင်ရာ အတွင်းဝန် ဘော့တွမ်မလေ (A.G Bottomeley)၊ မြန်မာနိုင်ငံ နယ်ခြားဒေသဆိုင်ရာ မင်းကြီး မစ္စတာ စတီဗင်ဆင် (Mr.Stevenson) နှင့် အရာရှိကြီးငယ်များ တက်ရောက်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ခေါင်းဆောင် ၂၃ ဦး တို့ အခက်အခဲ အမျိုးမျိုးကို ကျော်လွှား၍ တညီတညွတ်တည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် “တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ ” က တောင်တန်းဒေသ ဝန်ကြီးအဖြစ် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကို ရွေးချယ်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၄၇ ခုနှစ် မေလ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပသော ရှမ်းပြည် လွှတ်တော်အစည်းအဝေးတွင် မိုင်းပွန်စော်ဘွားကြီးသည် တိုင်းပြုပြည်ပြု လွှတ်တော်၏ ရှမ်းပြည်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရကာ တိုင်းပြု ပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီဝင်၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီဝင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ်ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အခြားဝန်ကြီးများနှင့်အတူ လုပ်ကြံခံခဲ့ရသည်။ နောက်တစ်နေ့ ဇူလိုင်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ။