17

 

 

 

 

 

 

 

 

 

 

၁၉၀၁ ခုနှစ် ဇွန်လ ၁၁ ရက် အင်္ဂါနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့ တောင်ရွာကြီး (ယခု အောင်ဆန်းရပ်)၌ ဖွားသည်။ အဖ တောင်သူလယ်သမားမျိုးရိုး တတိယတန်း ရှေ့နေ ဦးဖာ၊ အမိ ဒေါ်စုဖြစ်သည်။ မွေးချင်း ၉ ဦးတွင် တတိယမြောက်။ ငယ်မည် မောင်စန်းတင် ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို အကြီးဆုံးဖြစ်သည်။ အသက် ၆ နှစ်တွင် နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက် ဘုန်းတော်ကြီး ဦးသောဘိတ၏ မြန်မာစာသင်ကျောင်း၌ စတင်ပညာသင်ယူသည်။ ဦးသောဘိတမှာ မိခင်ဘက်မှ ဘကြီးတော်စပ်သည်။ ၁၃ နှစ်တွင် ဦးသောဘိတ မြန်မာစာသင်ကျောင်းမှ မြန်မာ ၇ တန်းအောင်သည်။ ထို့နောက် တောင်တွင်းကြီးမြို့ ဘုန်းတော်ကြီး ဦးသုန္ဒရ၏ မြန်မာအထက်တန်းကျောင်း၌ ပညာဆက်လက်သင်ယူသည်။ ၁၉၁၆ ခုနှစ် ၁၅ နှစ်အရွယ်တွင် မြန်မာ ၉ တန်းအောင်သည်။ ၉ တန်းအောင်ပြီး အလယ်တန်း မြန်မာဆရာအဖြစ် သင်တန်းတက်၍ နတ်မောက်မြို့၌ ကျောင်းဆရာအဖြစ် ခေတ္တဆောင်ရွက်သည်။


နတ်မောက်မြို့၏ ပထမဆုံးဘွဲ့ရသူ

ခေတ်အခြေအနေအရ အင်္ဂလိပ်စာသင်ယူရန် စိတ်အားထက်သန်၍ အင်္ဂလိပ်စာသင်ယူနိုင်ရန် ရေနံချောင်းမြို့ ဆရာဦးဟံသာ စာသင်ကျောင်း၌ လက်ထောက်ဆရာအဖြစ် ပြောင်းရွှေ့လုပ်ကိုင်သည်။ ညပိုင်းတွင် အင်္ဂလိပ်စာ အလွတ်သင်ယူသည်။ ထို့နောက် ဘီအိုစီရေနံကုမ္ပဏီ၌ စာရေးအဖြစ် အမှုထမ်း၍ ညပိုင်း အင်္ဂလိပ်စာ ဆက်လက်သင်ယူသည်။ လခ ၁၀၀ ကျပ်ရရာ လစာတစ်ဝက်ကို မိဘထံ ပြန်လည်ထောက်ပံ့သည်။


၁၉၂၃ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲဖြေဆိုရန် ဘီအိုစီရေနံကုမ္ပဏီမှ အလုပ်ထွက်သည်။ ၁၉၂၃-၂၄ တွင် ရေနံချောင်းအမျိုးသားကျောင်း၌ ၁၀ တန်းပညာသင်ယူသည်။ အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးအေးမောင်၏ ထောက်ပံ့မှုဖြင့် ၁၀ တန်းဖြေဆိုရာ ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။


၁၀ တန်းအောင်ပြီး ရေနံချောင်းအမျိုးသားကျောင်း၌ သင်္ချာဆရာအဖြစ် ဆောင်ရွက်သည်။ ၁၉၂၅ ခုနှစ်တွင် မန္တလေးမြို့၌ ဥပစာကောလိပ်စတင်ဖွင့်ရာ တက္ကသိုလ် ပညာဆက်လက်ဆည်းပူးရန် ပိုမိုလွယ်ကူသွားသည်။ ၁၉၂၆-၂၈ တွင် မန္တလေးဥပစာကောလိပ်၌ သိပ္ပံဥပစာ တန်း တက်ရောက်သည်။ ၁၉၂၈ ခုနှစ်တွင် သိပ္ပံဥပစာ စာမေးပွဲကို သင်္ချာဂုဏ်ထူးဖြင့်အောင်၍ အစိုးရစကော လားရှစ်ရသည်။ ၁၉၂၈-၃၀ တွင် ရန်ကုန်တက္ကသိုလ်၌ သင်္ချာဂုဏ်ထူးတန်း ဆက်လက်ပညာဆည်းပူးသည်။ ၁၉၃၀ ပြည့်နှစ်တွင် သင်္ချာဂုဏ်ထူးတန်း ဒုတိယတန်းဖြင့် ဘီအက်စ်စီ(သိပ္ပံ) ဘွဲ့ရသည်။ နတ်မောက်မြို့မှ ပထမဦးဆုံး တက္ကသိုလ်ဘွဲ့ရတစ်ဦးအဖြစ် မှတ်တမ်းတင်ခံရသည်။


ငယ်စဉ်ကပင် ပညာလိုလားစိတ် ထက်သန်၍ စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။ ဘီအိုစီ ရေနံကုမ္ပဏီ တွင် တာဝန်ထမ်းဆောင်စဉ်နှင့် မန္တလေးဥပစာကောလိပ်တွင် ပညာသင်ကြားနေစဉ် မတရားမှုများ ကြုံလာပါက ခေါင်းငုံ့မခံဘဲ ရင်ဆိုင်ဖြေရှင်းလေ့ရှိသည်။ တည်ကြည်ဖြောင့်မတ်၍ ညီငယ်များ၏ပညာရေးကို ဦးစားပေးအနစ်နာခံ ခဲ့သည်။ သိပ္ပံဘွဲ့ရပြီး လခကောင်း၍ တက်လမ်းရှိသော အစိုးရဝန်ထမ်းမလုပ်ဘဲ အမျိုးသားကျောင်းဆရာဘဝကို ခုံခုံမင်မင်ထမ်းဆောင်သည်။ ရေနံချောင်း အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ဆောင်ရွက်၍ ညီငယ် ကိုအောင်သန်းနှင့် ကိုအောင်ဆန်းတို့ကို ရန်ကုန်တက္ကသိုလ် ဆက်လက် ပညာသင်ရန် ကူညီထောက်ပံ့ခဲ့သည်။


မြန်မာ့လွတ်လပ်ရေး တိုက်ပွဲလုပ်ငန်းများ၌ကူညီ

မိခင်ဒေါ်စု၏ စီမံမှုဖြင့် ၁၉၃၆ ခုနှစ်တွင် တောင်တွင်းကြီးမြို့ ရှေ့နေဦးအံ့၊ ဒေါ်ရွှေမေတို့၏သမီး မခင်စောနှင့် လက်ထပ်ခဲ့သည်။ ၁၉၄၁-၄၂ တွင် ဖြူးမြို့အမျိုးသားကျောင်း၌ ကျောင်းအုပ်ဆရာကြီးအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည်။


ဂျပန်ခေတ် ၁၉၄၂-၄၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့၊ ထို့နောက် နတ်မောက်မြို့ ပြောင်းရွှေ့နေထိုင်သည်။ ၁၉၄၃ ခုနှစ်တွင် နတ်မောက်မြို့အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသည်။ စစ်ပြီးတွင် ရေနံချောင်း ပြန်၍ အလွတ်ပညာသင်ကျောင်းဖွင့်လှစ်သည်။ မြန်မာနိုင်ငံအရေး အခြေအနေအရ ဖဆပလအဖွဲ့ကြီး၏ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်နေသည့် ညီငယ် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးတိုက်ပွဲလုပ်ငန်းများကို ကူညီသော အားဖြင့် ရေနံချောင်းဖဆပလဥက္ကဋ္ဌ တာဝန်ယူသည်။ ရေနံချောင်း ဖဆပလအတွင်းရေးမှူးမှာ ပြည်သူ့ရဲဘော် ခေါင်းဆောင်ဗိုလ်ကျား (ရေနံမြေ) ဖြစ်သည်။

 

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်တွင် ကျင်းပသော တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ၌ မကွေးအနောက်မြောက် မဲဆန္ဒနယ် (ရေနံချောင်းနယ်)မှ ဖဆပလအမတ်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၄၇ မေလ ၁၂ ရက်တွင် ဗိုလ်ချုပ် ဦးဆောင်သော ကြားဖြတ်ယာယီ အမျိုးသားအစိုးရအဖွဲ့၊ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနဝန်ကြီး ဦးဘဘေ(ဘကြီးဘဘေ) ရာထူးမှ နုတ်ထွက်သွားသည်။ ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌသခင်နုသည် ဦးဘဝင်းထံ လစ်လပ်သွားသော ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရာထူး လက်ခံဆောင်ရွက်ပေးရန် ကြေးနန်းဖြင့် မေတ္တာရပ်ခံခဲ့သည်။ သခင်နု၏ ကြေးနန်းကို ရေနံချောင်းမြို့နယ် ဖဆပလအတွင်းရေးမှူး ဗိုလ်ကျား (ရေနံမြေ)က လက်ခံဖတ်ရှုပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ကြယ်နီရောင် ကိုမောင်ကိုနှင့်တိုင်ပင်၍ ဦးဘဝင်း၏ သဘောထားကို မယူဘဲ ဖဆပလအဖွဲ့ချုပ်၏ ဆန္ဒအတိုင်းဆောင်ရွက်ရန် လွှဲအပ်ကြောင်း ကြေးနန်းပြန်ပို့ခဲ့သည်။ ကြေးနန်းပို့ပြီးမှ ဦးဘဝင်းသိရှိရာ ရာထူးလက်မခံလိုသော်လည်း ရေနံချောင်းဖဆပလအဖွဲ့၏ဆန္ဒအရ ဝန်ကြီးရာထူးကို သဘောတူခဲ့ ရသည်။


ဝန်ကြီးတာဝန်ထမ်းဆောင်ရင်း ကွယ်လွန်

၁၉၄၇ ခုနှစ် မေလ ၂၇ ရက်တွင် ဗိုလ်ချုပ်ဦးဆောင်သည့် ကြားဖြတ်ယာယီအမျိုးသား အစိုးရအဖွဲ့၌ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရာထူးလက်ခံ၍ ကျမ်းသစ္စာကျိန်ဆိုသည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ကျင်းပသော ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံ တက်ရောက်ခဲ့သည်။ ညီလာခံနောက်ဆုံးနေ့ ဇွန်လ ၁၈ ရက်တွင် အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင် ၅၅ ဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။


ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရာထူးလက်ခံပြီး ၁ လနှင့် ၂၂ ရက်အကြာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်ဦးဆောင်၍ ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် လူသတ်သမားတို့၏ လုပ်ကြံမှုဖြင့် ညီငယ်ဗိုလ်ချုပ်အပါအဝင် လုပ်ဖော်ကိုင်ဖက် ဝန်ကြီးခြောက်ဦး၊ အတွင်းဝန် တစ်ဦး၊ သက်တော်စောင့်တစ်ဦးတို့နှင့်အတူ ကျဆုံးခဲ့ရသည်။


ကျဆုံးချိန် ဇနီး ဒေါ်ခင်စောနှင့် သားသမီး ခြောက်ဦး (မတင်လှဝင်း၊ မောင်စောဝင်း၊ မောင်အေးဝင်း၊ မခင်မြဝင်း၊ မောင်စိန်ဝင်း (ဒေါက်တာစိန်ဝင်း)နှင့် မောင်ထွေးဝင်းတို့ ကျန်ရစ်သည်။ ။