၁၈၉၈ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် တနင်္လာနေ့တွင် မိတ္ထီလာမြို့၌ ဖွားသည်။ အဖ ရဲဝန်ထမ်း တိုက်ပိုင် အင်စပက်တာ (Circle Inspector of Police) မစ္စတာ အေ၊ ရာမန်၊ အမိ ဒေါ်ငြိမ်းလှဖြစ်သည်။ ဖခင်မှာ အစ္စလာမ် ဘာသာဝင်၊ မိခင်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်၍ မွေးချင်း ၁၃ ယောက်တွင် တတိယ မြောက်ဖြစ်သည်။ ဆွေမျိုးသားချင်းများက “ဘာဘူကြီး” “ကိုကိုလေး” ဟု ခေါ်ဝေါ်ကြသည်။
ငယ်စဉ်ကပင် မိခင်ထံမှ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို လက်ခံရရှိသည်။ မန္တလေးနန်းရှေ့ ရွှေကျောင်းဆရာတော် ဦးသီလဝံသထံပညာဆည်းပူးခဲ့သည်။ အသက် ၆ နှစ်အရွယ် ၁၉၀၄ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီယန် မိန်းကလေးကျောင်း၌ စတင်ပညာသင်သည်။ ၄ တန်းအောင်လျှင် ဝက်စလီယန် ယောက်ျားကလေး အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ရာ ၈ တန်းတွင် ပညာထူးချွန်၍ ၉ တန်းကို ကျော်ကာ တက္ကသိုလ်ဝင်တန်းဖြေဆို ခဲ့ရသည်။ ၁၉၁၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်သည်။ ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ဒုတိယနှစ်၌ အင်္ဂလိပ်စာစီကုံးပြိုင်ပွဲ ပထမရ၍ ဘိုင်များ ရွှေတံဆိပ်ရရှိခဲ့သည်။ ၁၉၁၆ ခုနှစ်၊ ဝိဇ္ဇာပထမနှစ်တွင် စာမေးပွဲဖြေနေစဉ် အခြားကျောင်းသားများကို အကူညီရေးပေးရာမှ သူငယ်ချင်း ခင်မောင်လတ် (နောင် ဖြန့်ဖြူးရေးမင်းကြီး ဦးခင်မောင်လတ်) နှင့်အတူ စာမေးပွဲဖြေခွင့် ၂ နှစ် အပိတ်ခံရသည်။ ၁၉၁၉ ခုနှစ်တွင် ကျောင်းပြန် တက်ရာ ဘီအေနောက်ဆုံးနှစ်၌ ပထမတက္ကသိုလ်ကျောင်းသားသပိတ် (ဘွိုင်းကောက်)၌ ပါဝင်ခဲ့သည်။
၁၉၂၂ ခုနှစ်တွင် ဗဟန်းအမျိုးသားကောလိပ်မှ B.A (Nat) ဘွဲ့ရသည်။ ဘွဲ့ရပြီး မန္တလေးမြို့ ဗဟိုအမျိုးသား ကျောင်းတွင် ပါဠိနှင့် အင်္ဂလိပ်ဘာသာပြ အထက်တန်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ အမျိုးသား ကျောင်းများ အထောက်အပံ့ခံယူပြီး ဗဟိုအမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးအဖြစ် တာဝန် ယူခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်ယာယီအမျိုးသားအစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးရာထူး လက်ခံရသည့်တိုင် ဖြစ်သည်။
ဆရာကြီး ဦးရာဇတ်၏ဦးဆောင်မှုဖြင့် မန္တလေးဗဟိုအမျိုးသားကျောင်းသည် ရန်ကုန် မြို့မအထက်တန်း ကျောင်းပြီးလျှင် အအောင်မြင်ဆုံး စံပြအမျိုးသားကျောင်းကြီးအဖြစ် သတ်မှတ်ခံရသည်။ အထူးသဖြင့် ပညာရေး သက်သက်သာမက တိုင်းပြည်လွတ်လပ်ရေးအတွက် အထက်မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံ့သား ကောင်း အများဆုံး မွေးထုတ်ရာ အမျိုးသားကျောင်းကြီးအဖြစ် ထင်ရှားသည်။ မန္တလေးဗဟိုအမျိုးသားကျောင်း ကြီးတွင် တူညီဝတ်စုံများ စနစ်တကျ ဝတ်ဆင်စေခြင်း၊ ကျောင်းသားများ အင်္ဂလိပ်စကားပြောကျွမ်းကျင်ရန် Lock-Keeper System သတ်မှတ်ပေးခြင်း၊ ကျောင်းသားများ အားကစားထူးချွန်ရန် လက်ဝှေ့သင်တန်းများ ဖွင့်လှစ်ပေး ခြင်း၊ မြန်မာစာပေနှင့် မဟာဂီတ နားလည်ရန် ဆရာကြီး ရွှေပြည်ဦးဘတင်၏ သင်တန်းဖွင့်ပေးခြင်း၊ တူညီဝတ်စုံများနှင့် ရဲတပ်၊ ရဲညွန့်တပ်၊ ဘင်ခရာတီးဝိုင်း များ ဖွဲ့စည်းပေးသည့်အပြင် ပါဠိနှင့် အင်္ဂလိပ်ဘာသာကို ကိုယ်တိုင်သင်ကြား ပေးခဲ့သည်။ ကိုလိုနီခေတ်အတွင်း ကျောင်းသားများအား လက်ရုံးရည်၊ နှလုံးရည်၊ အားကစ၊ ဂီတဘက်စုံတတ်မြောက်စေရုံမျှမက လွတ်လပ်ရေး တိုက်ပွဲဝင် သားကောင်းများ မွေးထုတ်ပေးသည့် အမျိုးသား ကျောင်းအုပ်ကြီး အဖြစ် အလွန်ထင်ရှားသည်။
၁၉၃၀-၃၁ ခုနှစ် မန္တလေး ဥပစာကောလိပ်ဆက်လက်ဖွင့်လှစ်ရေး၊ ၁၉၃၆ ခုနှစ် ဒုတိယတက္ကသိုလ် ကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် တတိယ တက္ကသိုလ်ကျောင်းသားသပိတ်နှင့် ၁၃၀၀ ပြည့် အရေးတော်ပုံတို့တွင် နောက်ကွယ်မှ အကြံပေး၍ ကူညီပံ့ပိုးပေးခဲ့သည်။ ၁၉၃၆ ခုနှစ် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒုတိယအကြိမ်ညီလာခံကို ဗဟိုအမျိုးသားကျောင်းတွင် ကျင်းပခွင့်ပေးခဲ့သည်။ ထိုညီလာခံကို ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းနှင့်အတူ အိန္ဒိယကွန်ဂရက် ခေါင်းဆောင် ပဏ္ဍစ်ဂျဝါဟာလာ နေရူးနှင့် သမီး အင်ဒီရာတို့ တက်ရောက်ခဲ့သည်။
ဆရာကြီး ဦးရာဇတ်သည် အင်္ဂလိပ်စာအရေးအသားကောင်း၍ စာနယ်ဇင်းများတွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ စစ်မဖြစ်မီ မန္တလေးသူရိယသတင်းစာတွင် မောရစ်ကောလစ်ရေးသော “ထရိုင်ရယ် အင်အားမား” (Trials in Burma)စာအုပ်မှ အခန်းတစ်ခန်းကို "ကင်မရွန်းတပ်မှ စစ်ဗိုလ်ကလေး" အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ ထိုဘာသာပြန်ကို တပည့်ဖြစ်သူ မအမာ(လူထုဒေါ်အမာ)အား ဆက်လက်ဘာသာ ပြန်ဆိုစေခဲ့သည်။
အက်ဖ်တင်နီဆင် ဂျက်ဆီရေး “လက်ကား လေဒီ” (ယွန်းခင်ခင်) ဝတ္ထုတွင် သီပေါမင်းနှင့် စုဖုရားလတ်တို့အား ဂုဏ်သရေပျက်ရန် ရည်ရွယ်၍ အင်္ဂလိပ်မြန်မာစစ်ဖြစ်ရသည်မှာ မြန်မာတို့အပြစ်ဟု ရေးသားခဲ့ရာ ထိုဝတ္ထုကို ချေပသည့် အနေဖြင့် မန္တလေးသူရိယသတင်းစာ၌ ၁၉၂၉ ခုနှစ်က “ရွှေနန်းတော်ကြီး၏ အတွင်းရေးများ (သို့မဟုတ်) လက်ထက်တော်ကြီးအချိန်က အရေးအခင်းများ" စာတမ်းရေးသားခဲ့ပါသည်။
၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်မီးကူးစက်လာချိန်တွင် မင်းကွန်းအလယ်တောရချောင်၌ မိသားစုနှင့်အတူ စစ်ပြေးခိုလှုံသည်။ ၁၉၄၂ ခုနှစ် မေလ ၁ ရက် မန္တလေးမြို့ကို ဂျပန်တို့ သိမ်းပိုက်ပြီး မန္တလေးမြို့ ပြန်လည် ထူထောင်ရေး ချယ်ယာမင် အဖြစ် ခန့်အပ်ခံရသည်။ ဗုံးဒဏ်ကြောင့် မင်းကွန်းတွင် ပြန်လည်နေထိုင်နေစဉ် ဗိုလ်မှူးဖိုးကွန်းတစ်ဆင့် တပ်မတော်ပညာရေးဌာနတွင်တာဝန်ထမ်းဆောင်ရန် ဗိုလ်ချုပ်အောင်ဆန်း၏ ဖိတ်ခေါ်မှုရခဲ့သည်။ ဖိတ်ခေါ်မှုကို လက်ခံပြီး နောက်တစ်နေ့ ၁၉၄၄ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီတွင် ဂျပန် စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်။ ဆရာကြီးနှင့်အတူ လူပေါင်း ၁၈ ယောက် အဖမ်းခံရပြီး ဂျပန်ကင်ပေတိုင်၏ စစ်ဆေးခြင်းခံရသည်။ စစ်ကိုင်းမြို့အချုပ်ခန်း တွင် စစ်ဆေးပြီး ရွှေဘိုထောင်နှင့် မန္တလေးဆောင်တို့တွင် အကျဉ်းချထားသည်။ ရွှေဘိုထောင်တွင် အကျဉ်းချခံထားရစဉ် ဆရာကြီး၏ တပည့်ဖြစ်သူ ဗိုလ်ကြီး ခင်ညို၊ တပည့်ဟောင်း ကိုချစ်ဆွေ(နောင်ဆရာကြီး ဦးရာဇတ်၏ အပါးတော်မြဲ ဦးချစ်ဆွေ) တို့က ထောင်မှူးနှင့် ညှိ၍ ခိုးထုတ်ရန် စီစဉ်သည်ကို လက်မခံဘဲ အတူအဖမ်းခံရသူများကို ချန်မထားနိုင်ဟု ငြင်းဆန်ခဲ့သည်။ မန္တလေးနန်းတွင်းထောင်ကို မဟာမိတ်များ ဗုံးကြဲပြီးနောက် ၁၉၄၅ ခုနှစ်၊ မတ်လ ၉ ရက်တွင် မန္တလေးထောင်က အကျဉ်းသားများ လွှတ်ပေးရာမှ လွတ်မြောက်ခဲ့သည်။ ဖက်ဆစ်အကျဉ်းသားအဖြစ် ရက်ပေါင်း ၁၉၁ ရက်တိတိ ခံစားခဲ့ရသည်။
ဖက်ဆစ် တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ်တွင် ဖွဲ့စည်းသော အထက်ဗမာပြည်လုံးဆိုင်ရာ ဖတပလ (ဖဆပလ)အဖွဲ့ကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ပျဉ်းမနားမြို့တွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ မြန်မာ-မွတ်စလင် ကွန်ဂရက်၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရသည်။ မြန်မာ - မွတ်စလင် ကွန်ဂရက်က မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကို ထောက်ခံခဲ့သည်။
၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် ရန်ကုန်မြို့၌ ကျင်းပသော ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံကို မန္တလေးခရိုင် ဖဆပလဥက္ကဋ္ဌအဖြစ် တက်ရောက်သည်။ ၁၉၄၇ ခုနှစ်၊ ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက် ပွဲ၌ မန္တလေးမြို့ အရှေ့ပိုင်းမှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၄၇ ခုနှစ် ဇွန်လ၁၀ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်ယာယီ အမျိုးသားအစိုးရအဖွဲ့၌ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခံရသည်။
ပညာရေးဝန်ကြီးအဖြစ်မန္တလေးမြို့တွင် ဥပစာကောလိပ်ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် အထက်မြန်မာပြည် သီးခြားတက္ကသိုလ်ဖြစ်ရေးအတွက် ရန်ကုန် တက္ကသိုလ်၌တာဝန်ထမ်းဆောင်နေသော ဦးကိုလေး (နောင် မန္တလေးတက္ကသိုလ် ဒုတိယအဓိပတိ စာရေးဆရာ ဇေယျာမောင်) ကို ရွေးချယ်တာဝန်ပေးအပ်သည်။ ၁၉၄၇ ခုနှစ် မေလ ၂၉ ရက်တွင် ဦးကိုလေးသည် မန္တလေးဥပစာကောလိပ် ကျောင်းအုပ်ကြီးအဖြစ် အလုပ် စတင်ဝင်ရောက်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် မန္တလေးဥပစာကောလိပ် (မန္တလေးတက္ကသိုလ်)ကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ မန္တလေး ဥပစာကောလိပ်တွင် ပထမဦးဆုံး ဆောက်လုပ်ခဲ့သည့် အဆောင်ကို နောင်အခါ ဆရာကြီးဦးရာဇတ်ကို ဂုဏ်ပြုသောအားဖြင့် ရာဇတ် ခန်းမဆောင် (Razak Hal)ဟု အမည်ပေးခဲ့သည်။
ပညာရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၄၇ ခုနှစ် ဇွန်လတွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့၌ ကျင်းပသော အာရှညီလာခံကို တက်ရောက်ခဲ့သည်။
၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်ခင်နှင့် လက်ထပ်၍ သားသမီး ၃ ဦး(ကိုတင်မြင့် မခင်စိန်၊ ကိုလှကြည်)ထွန်းကားသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံး၌ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာသူတို့၏ လုပ်ကြံမှုကြောင့် တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ရပါသည်။


