(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး
 

 

အောင်မြင့်စိုး(ရေစကြို)

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် တိုင်းပြည်အတွက် ကြီးမားသောဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်စရာ ကြေကွဲဝမ်းနည်း ဖွယ် နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့တွင် မသမာသူလူတစ်စုတို့၏ လုပ်ကြံမှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ ကြရသည်။ အတွင်းဝန်များရုံး အစည်းအဝေးခန်းမအတွင်း ဖရိုဖရဲဖြစ်နေသည့် စားပွဲ၊ ကုလားထိုင်များ၊ သွေးအိုင်တွင် သေဆုံးနေသည့် နိုင်ငံ့ခေါင်းဆောင်ကြီး များ၏ မြင်ကွင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ။ ကိုယ်ကျိုးမကြည့်၊ အတ္တမဖက် တိုင်းပြည်အတွက် အသက်ပေးရင်း သေနတ်ဒဏ်ရာ ၁၃ ချက်ဖြင့် လဲကျ သေဆုံးနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များ၏ မသေသော နာမည်၊ မြင့်မြတ်သော ဂုဏ်ဒြပ်တို့ကိုမူ အဘယ်သို့သော သူမျှ လုပ်ကြံသတ်ဖြတ်၍ မရနိုင်ပေ။


အသက်ဘေးမှ လွတ်မြောက်ခဲ့ရ
တောင်တန်းဒေသရေးရာဌာနဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း နှင့် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ဝန်ကြီး သခင်မြတို့နှစ်ဦးမှာ သေနတ် ဒဏ်ရာ နှစ်ချက်စီဖြင့် ကျဆုံးခဲ့ရသည်။ စားပွဲပေါ် လက်ထောက်ရင်း ပါးစပ် ဟလျက် သွေးများယိုစီးကျနေသည့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနှင့် အလဲလဲအပြိုပြို ဖရိုဖရဲကျဆုံးနေကြသည့် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မြင်ကွင်းမှာ ရင်နင့်ကြေကွဲဖွယ်ရာ အတိပင်ဖြစ်သည်။ သေနတ်ဒဏ်ရာ ခြောက်ချက်ဖြင့် ငြိမ်သက်နေသည့် ပညာရေးဝန်ကြီး ဦးရာဇတ်နှင့် သေနတ် ဒဏ်ရာ ငါးချက်ဖြင့် ကုလားထိုင်ပေါ်တွင် ခေါင်းငိုက်စိုက်ကျနေသည့် သတင်း နှင့် ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုတို့နှစ်ဦးမှာ ထိုအချိန်က မသေသေး ဘဲ အသက်ရှူနေဆဲဖြစ်ပြီး ဒီးဒုတ်ဦးဘချိုမှာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သည်။ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဝင်း မှာ သေနတ်ဒဏ်ရာ ရှစ်ချက်ဖြင့် သူ၏ထိုင်ခုံတွင် ခေါင်းငိုက်စိုက်ကျ ထိုင်လျက်သား ကျဆုံးခဲ့သည်။ စက်မှုလက်မှုနှင့် အလုပ်သမားဌာနဝန်ကြီး မန်းဘခိုင်မှာ သေနတ်ဒဏ်ရာ ၁၅ ချက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးအတွင်းဝန် ဦးအုန်းမောင်မှာ သေနတ်ဒဏ်ရာငါးချက်ဖြင့် ကျဆုံး ခဲ့ပြီး ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးမှာ သေနတ် ဒဏ်ရာ လေးချက်ဖြင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ တစ်ဖွဲ့တည်း အတူထိုင်ကြသည့်ဝန်ကြီး ပျော်ဘွယ်ဦးမြနှင့် အတွင်းဝန် ဦးရွှေဘော်တို့မှာ ပြတင်းပေါက်မှ ကျော်ထွက်ပြေးနိုင်ခဲ့၍ အသက် ဘေးမှ လွတ်ခဲ့ရသည်။ အလားတူ ဝန်ကြီး ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေတို့နှစ်ဦး မှာ သေနတ်သမားများ စတင်ပစ်ခတ်ချိန်တွင် ချက်ချင်းဆိုသလို ကုလားထိုင်ပေါ် မှ ကြမ်းပြင်ပေါ်လှဲချလိုက်ပြီး ငြိမ်သက်စွာနေသဖြင့် အသက်ဘေးမှ လွတ်မြောက် ခဲ့ရသည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးသွားကြသည့် အာဇာနည်ခေါင်းဆောင် ကြီးများ၏ ရုပ်အလောင်းကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ဂျူဗလီခန်းမသို့ ပြောင်းရွှေ့သယ်ယူ၍ ဂါရဝပြုခံခဲ့သည်။ ဦးရာဇတ်နှင့် ရဲဘော် ကိုထွေးတို့၏ ရုပ်အလောင်းကို ဂျူဗလီခန်းမမှ တာမွေ ကင်းဘဲလ်လမ်းရှိ မွတ်စလင်သင်္ချိုင်းသို့ သယ်ဆောင်ပြီး အစ္စလာမ်ဘာသာအရ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ သည်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ ရုပ်ကလာပ်ကို ပြည်နယ်မြို့တော် ဖြစ်သည့် မိုင်းပွန်မြို့သို့သယ်ဆောင်ပြီး ဒေသထုံးတမ်း အစဉ်အလာအရ အခမ်း အနားဖြင့် သင်္ဂြိုဟ်သည်။ အရိုးပြာတစ်ဝက်ကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် တွင် ထားရှိရန်ပေးပို့ခဲ့ပြီး ကျန်အရိုးပြာ တစ်ဝက်ကို မိုင်းပွန်မြို့တော်၏ တောင်ဘက်ကုန်း၌ အာဇာနည်ဗိမာန်ပြာသာဒ် တည်ဆောက်၍ထားသည်။


ကမ္ဘာတည်သမျှ မေ့ဖျောက်၍ မရနိုင်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားကြသည့် အပေါင်းပါ ဝန်ကြီး များအား ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပပြီး နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ် ခဲ့သည်။ ထိုနေ့ကျရောက်တိုင်း အာဇာနည်နေ့အခမ်းအနားများကို နိုင်ငံ တစ်ဝန်း ကျင်းပကြသည်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက် လွှင့်ထူခြင်း၊ ကျဆုံးချိန် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဥဩဆွဲ အချက်ပေးခြင်း၊ ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးခြင်းနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံ တစ်ဝန်း အာဇာနည်နေ့အခမ်းအနားများ ကျင်းပကြသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့၏ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ်စေတနာမှန်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသည့် အာဇာနည်တို့၏ဂုဏ်ရည်ကို ကမ္ဘာတည်သမျှ မေ့ဖျောက် ၍ မရနိုင်ပေ၊ ထို့ကြောင့်ပင် -
အာဇာနည် ဂုဏ်ရည်မညှိုးဘိ
ကိုယ်ကျိုးမကြည့် မြင့်မြတ်သူ
“စံပြ” နမူ၊
တိုင်းပြည်အတွက် အသက်ပေးလှူ
လူပီသတဲ့လူမို့၊
တို့နိုင်ငံခေါင်းဆောင်အထွတ်တို့ကို
ဦးညွှတ်ကြစို့။
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်အပေါင်းတို့၏ ကျေးဇူးကိုသိ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် အမှန်တကယ် လေးစားမြတ်နိုး တန်ဖိုးထားကြသည်ဆိုလျှင် အာဇာနည်တို့၏ အသက်သွေးချွေးများစွာဖြင့် ပေးဆပ်ကာအရယူပေးခဲ့သည့် လွတ်လပ်ရေးအမွေကို အဓွန့်ရှည်တည်တံ့ ခိုင်မြဲအောင် မျိုးချစ်စိတ်ဓာတ် ထက်သန်ပြည့်ဝစွာဖြင့် အစဉ်ထာဝရ အတူ တကွ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ရေးသားရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ကြရသည့် အာဇာနည်ခေါင်းဆောင်မြတ် အပေါင်းတို့အား ဤဆောင်းပါးဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ရပေသည်။ ။
ကိုးကား-စွယ်စုံကျမ်း