နေပြည်တော် အောက်တိုဘာ ၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းဝန်ထမ်းများ စုပေါင်းပါဝင်စိုက်ပျိုးကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို ဦးဆောင်စိုက်ပျိုးကြပြီး အရာထမ်း/ အမှုထမ်း ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ကံ့ကော်ပင်နှင့် ခရေပင် စုစုပေါင်းအပင် ၃၀၀ တို့ကို “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ ထာဝရကုသိုလ်ရဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့” ဆိုသည့် စကားရပ်များနှင့်အညီ ပျော်ပျော်ပါးပါး စုပေါင်းပါဝင်ဆင်နွှဲစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးက ယခုမိမိတို့ စိုက်ပျိုးကြမည့်အပင်များကို ရှင်သန်အောင် စိုက်ပျိုးရမည့်အပြင် စိုက်ပျိုးပြီးအပင်များကိုလည်း ရှင်သန်ဖြစ်ထွန်း ကြီးထွားစေရေးအတွက် အားလုံး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မှာကြားသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရေး၊ စိမ်းလန်းစိုပြည်၍ ရာသီဥတု မျှတကောင်းမွန်စေရေး၊ ရေနှင့်မြေဆီလွှာခန်းခြောက်မှုကို ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားကွင်း/ အားကစားရုံများရှိ မြေနေရာလွတ်များတွင် ရတနာတန်းဝင် (ကျွန်း) ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင် အမျိုးအစားပေါင်းများစွာကို မိသားစုဝင်များက လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆင်နွှဲစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


