၁၃ မတ်

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းကော်မတီတို့နှင့်အတူ အားကစားပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်ရန် တိုကျို အိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲ စည်းရုံးရေးကော်မတီက မျှော်လင့်ထားသည်ဟု ဆိုသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသဖြင့် ထိုအားကစားပွဲများကို တစ်နှစ်ကြာဆိုင်းငံ့ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အကြံပြုပြီးနောက်ပိုင်း ၎င်းတိုကျိုကော်မတီက မှတ်ချက်ပြုချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

ဂျပန်အစိုးရအဖွဲ့၊ တိုကျိုမြို့တော်အစိုးရအဖွဲ့နှင့် အခြားအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည့်အတိုင်း ဇူလိုင်လက စတင်ကာ လုံခြုံစိတ်ချရသော အားကစားပွဲများ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်ရန် ထိုကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းကော်မတီတို့က မျှော်လင့်ထားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ အကြံဉာဏ်ရယူခြင်းနှင့် အခြေအနေကို အနီးကပ်စောင့်ကြည့်ခြင်း တို့ ပြုလုပ်မည် ဖြစ်ကြောင်း ထိုကော်မတီက ပြောကြားခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို