၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ  ၅ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီထုတ်ပြန်ချက်

 

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိကျောင်း” (MICHAUNG)အခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တမီးလ်နာဒူးမြောက် ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိကျောင်း” (MICHAUNG)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တမီးလ်နာဒူးမြောက်ပိုင်း ကမ်းခြေတို့သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်ဘက်ရေမိုင် (၇၆၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၈၂၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ မြောက်ဘက်ရေမိုင် (၉၀)ခန့်၊ နီလိုရီမြို့(Nellore)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၁၅) မိုင်ခန့်၊ ဘပတ်လမြို့(Bapatla)၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၈၀)မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့(Machilipatnam) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၁၀)ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

mdn

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း”(MICHAUNG)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG)သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီတွင် မြောက်လတ္တီကျု (၁၄.၆) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၀.၂) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)နှုန်းခန့် ဖြစ်သည်။

 

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း”(MICHAUNG) သည် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေနှင့်အပြိုင် မြောက်ယွန်းယွန်းသို့ ရွေ့လျားပြီး၊ နောက် (၁၂) နာရီအတွင်း အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြား၊ ဘပတ်လမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

 

အကြံပြုချက် 

 

သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း”(MICHAUNG)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။

 

Credit>မိုးဇလ