၂၈ နိုဝင်ဘာ
တာလီဘန်သူပုန်များက အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဒါကွန်ဒီပြည်နယ် နာဝါမစ်ခရိုင်ရှိ ဆာမာနှင့်ကာရီဇက်ခ် လုံခြုံရေးဂိတ်များကို ကြာသပတေးနေ့က သုံးနာရီကြာ တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ရှစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းသုံးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆာကီနာ အီဆာနီ က ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လုံခြုံရေးဝန်ထမ်း လေးဦး ဒဏ်ရာရရှိခဲ့ဟု ထိုတာဝန်ရှိသူက ဆိုသည်။
ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွများက မှတ်ချက်ပြု ပြောကြားခြင်းမရှိခဲ့ပေ။
ကဘူးလ်မြို့၏အနောက်ဘက် ၂၉၀ ကီလိုမီတာ အကွာတွင်ရှိသော အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဒါကွန်ဒီပြည်နယ် ရှိ နီလီ မြို့တော်သည် ငြိမ်းချမ်းသောပြည်နယ်အဖြစ် သတ်မှတ်ခြင်းခံရသည်။
သို့သော်လည်း ၎င်းနှင့်အိမ်နီးချင်း ယူအာဇ်ဂန် ပြည်နယ်ရှိ တာလီဘန်စစ်သွေးကြွများသည် ဒါကွန်ဒီပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့များကို ရံဖန်ရံခါ တိုက်ခိုက်ခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


