၆ ဒီဇင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကွန်ဒက်ဇ်ပြည်နယ် အိုင်မမ် ဆာဟစ်ဘ် ခရိုင်တွင် ယနေ့ မနက် အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ငါးဦး နှင့် စစ်သွေးကြွ ရှစ်ဦး တို့ အပါအဝင် ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်နယ်ကောင်စီ အကြီးအကဲ မိုဟာမက် ယုဆက်ဖ် အာယူဘီ က ပြောကြားခဲ့သည်။

 

ဂျိုဘက်ဂမ် ဒေသရှိ ဒေသခံ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို တာလီဘန် စစ်သွေးကြွအုပ်စုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်နာရီကြာပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့များက စစ်သွေးကြွများရှိရာ အဆိုပါ ဒေသကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်ဟု တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွများက မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို