၂၅ နိုဝင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာလခ် ပြည်နယ် ဒေါလတ်အဘတ်ခရိုင်ရှိ စစ်အခြေစိုက်စခန်းကို တာလီဘန်တို့တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ထုတ်ခဲ့ရာ စစ်သွေးကြွများ ထိခိုက်ဒဏ်ရာရပြီးနောက် ထွက်ပြေးခဲ့ကြသည်ဟု မြောက်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟာနစ် ရီဇိုင် က ယနေ့ ပြောကြားခဲ့သည်။
စစ်သွေးကြွအုပ်စုတစ်စုက ဒေါလတ်အဘတ် ခရိုင်ရှိ ခီလ်ဂါလီ စခန်းကို ယမန်နေ့ ညနေပိုင်းက တိုက်ခိုက်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွများ လေးဦးသေဆုံးခဲ့ပြီးနောက် ၎င်းတို့ထွက်ပြေးသွားကြကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
နှစ်နာရီအကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်သွေးကြွသုံးဦး ထပ်မံ ဒဏ်ရာရရှိခဲ့သည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
ကဘူးလ်မြို့မြောက်ဘက် ၃၀၅ ကီလိုမီတာအကွာ မာဇာအိုင်ရှာရစ်ဖ် နှင့် ဘာလခ်ပြည်နယ် တစ်စိတ်တစ်ဒေသတွင် တက်ကြွစွာလှုပ်ရှားနေသော တာလီဘန်စစ်သွေးကြွများက ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


