၆ မတ်
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကူဇက်ဒ်ပြည်နယ်တွင် ယနေ့မနက်အစောပိုင်းက တိုက်ပွဲများ ဖြစ်ပွားသဖြင့် ရဲအရာရှိ နှစ်ဦးနှင့် တာလီဘန်စစ်သွေးကြွ ငါးဦး သေဆုံးခဲ့သည်ဟု ဒေသခံတာတန်ရှိသူတစ်ဦး က အတည်ပြုပြောကြားခဲ့သည်။
ပြည်နယ်မြို့တော် ကူဇက်ဒ် ဆင်ခြေဖုံး Mahmoryat-e-Duwum နယ်မြေရှိ ရဲစခန်းတစ်ခုကို တာလီဘန်စစ်သွေးကြွများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယနေ့မနက်အစောပိုင်းတွင် ယင်းတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နှစ်နာရီကြာ ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် စစ်သွေးကြွ နှစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ က သတင်းထောက်များကို ပြောကြားခဲ့သည်။
တာလီဘန်စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့များကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ထိုပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုမြို့မြောက်ပိုင်း ဆင်ခြေဖုံး Bagh-e-Sherkat နယ်မြေရှိ စစ်စခန်းတစ်ခုကို တာလီဘန်စစ်သွေးကြွများ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန်စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့သည်။
ကာတာရီမြို့တော် ဒိုဟာတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က အမေရိကန်-တာလီဘန် ငြိမ်းချမ်းရေး သဘောတူညီမှုပြုလုပ်ပြီးနောက် ရက်သတ္တပတ်ကြာ အကြမ်းဖက်မှုလျှော့ချရေး ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းသွားသည်။
သို့သော်လည်း အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းခြင်းကို လက်မှတ်ရေးထိုးပြီးနောက် မကြာမီ တာလီဘန်စစ်သွေးကြွများသည် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


