အာဖဂန်နစ္စတန်နိုင်ငံ၌ ခေါင်မိုးပြိုကျမှုကြောင့် ခြောက်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ

မေ ၁၆

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဖာရတ်ရှ်ပြည်နယ်တွင် ခေါင်မိုးပြိုကျမှုကြောင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။ အဆိုပါမတော်တဆမှုသည် ထိုပြည်နယ်၏ဘက်ဝါခရိုင်ရှိ မင်္ဂလာဆောင်အခမ်းအနားတစ်ခုအတွင်း မေ ၁၄ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခေါင်မိုးပြိုကျမှုဖြစ်ပွားသောနေရာမှာပင် ကလေးငယ်ငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ ပြည်နယ်ညွှန်ကြားရေးမှူးက ပြောကြားသည်။ ဒဏ်ရာရရှိသူများကို အနီးနားရှိဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေးအခြေအနေစိုးရိမ်ဖွယ်ရာမရှိကြောင်း ဖော်ပြထားသည်။

ဝေးလံသောဒေသများရှိ လူနေအိမ်များသည် အများအားဖြင့်ရွှံ့များဖြင့်တည်ဆောက်ထားခြင်းဖြစ်ရာ မိုးသက်မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုတွင်ခုခံကာကွယ်နိုင်မှုနည်းပါးသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို