အာဖဂန်နစ္စတန်နိုင်ငံ၌ လောင်စာဆီတင်ယာဉ်နှင့်ခရီးသည်တင်ဘတ်စ်ကား တိုက်မိသဖြင့် ၂၁ ဦးသေဆုံး၊ ၃၈ ဦး ဒဏ်ရာရ

မတ် ၁၈

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်တွင် ယမန်နေ့က ဘတ်စ်ကားတစ်စီးသည် လောင်စာဆီတင်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့ဖြင့်တိုက်မိပြီး ၂၁ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားသည်။ ယမန်နေ့မနက်ပိုင်းက ဆီတင်ယာဉ်၊ ဆိုင်ကယ်နှင့် ခရီးသည်တင်ဘတ်စ်ကားတို့အကြား ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ လမ်းများကောင်းမွန်မှုမရှိခြင်း၊ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့် နိုင်ငံအတွင်း ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ အဆိုပါယာဉ်မတော်တဆမှုသည် Helmand ပြည်နယ် Grishk ခရိုင်နှင့် ဟီရတ်- ကန်ဒါဟာအဝေးပြေးလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုယာဉ်မတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်သည်ဟု ပြည်နယ်ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို