၂၃ မတ်
အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်ဦးထပ်မံတွေ့ရှိကြောင်း အတည်ပြုခဲ့သဖြင့် စုစုပေါင်း ၄၀ ဦး ရှိပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီလမှစတင်ကာ ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း အာဖဂန်နစ္စတန်ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ကြေညာခဲ့သည်။
အာဖဂန်ပြည်သူ့ကျန်းမာရေးဝန်ကြီး Firuzuddin Firuz က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပိုမိုများပြားလာသဖြင့် အီရန်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ဟီရတ်ပြည်နယ်ကို လုံးဝပိတ်ဆို့ကြောင်း ကြေညာချက်ထုတ်ပြန်ရန် အစိုးရကို တောင်းဆိုခဲ့သည်။
အသက် ၄၀ နှစ်အရွယ် လူနာတစ်ဦးသည် မြောက်ပိုင်း Balkh ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပထမဆုံးသေဆုံးခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wahidullah Mayar က အတည်ပြုပြောကြားခဲ့သည်။
ကြိုတင်ကာကွယ်ကာဆောင်ရွက်သည့်အနေဖြင့် အာဖဂန်အစိုးရသည် မင်္ဂလာဆောင်ခန်းမများ၊ စားသောက်ဆိုင်များ၊ ရေကူးကန်များ၊ အများသုံးရေချိုးကန်များ၊ စာသင်ကျောင်းများနှင့် ပညာရေး စင်တာများကိုလည်း တစ်လကြာ ပိတ်ထားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


