၃ ဖေဖော်ဝါရီ

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းကူဇူဒ်ပြည်နယ် ကူဇူဒ်မြို့အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ခဲ့သဖြင့် စစ်သွေးကြွ ရှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အက်စ်မာတောလရှ်မူရာဒီ က ယနေ့ပြောကြားခဲ့သည်။

ကူဇူဒ်မြို့ အပြင်ဘက် ဘက်ရှ်အီရှာကတ်နှင့် ရှင်ဝါရီဒေသများတွင် ယမန်နေ့မွန်းလွဲပိုင်းက ထိုစစ်ဆင်ရေးကို စတင်လုပ်ဆောင်ခဲ့ရာ ယခုထိ စစ်သွေးကြွ ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

ထိုစစ်သွေးကြွများ ထောင်ထားသော လူသတ်မိုင်းနှင့် ယာဉ်ဖျက်မိုင်း ၁၅ ခု ကိုလည်းရှာဖွေတွေ့ရှိခဲ့ပြီး ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

၎င်းနယ်မြေရှိ စစ်သွေးကြွများကို ရှင်းလင်းပြီးသည်အထိ ထိုစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း မူရာဒီက ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

ထိုစစ်သွေးကြွများကမူ ယင်းကြေညာချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်းမရှိခဲ့ပေ။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို