၆ ဒီဇင်ဘာ
တာလီဘန် စစ်သွေးကြွများ ပုန်းအောင်းရာ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ နှင့် ဟယ်လ်မန် ပြည်နယ်များကို ယမန်နေ့က လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၅ ဦးသေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာက ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ယမန်နေ့ မွန်းလွဲပိုင်းက ကန်ဒါဟာပြည်နယ် နတ်ရှ် ခရိုင်ရှိ လက်နက်ကိုင်အဖွဲ့ ပုန်းအောင်းရာနေရာတွင် စစ်သွေးကြွ ကိုးဦး သေဆုံးခဲ့ပြီး ယင်းနေ့မှာပင် အိမ်နီးချင်း ဟယ်လ်မန် ပြည်နယ် နာဟာအီဆာရာဂျေ ခရိုင်တွင် စစ်သွေးကြွ ခြောက်ဦးအထက် သေဆုံးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။
ထို ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့များသည် အာဖဂန်နိုင်ငံအတွင်းရှိ စစ်သွေးကြွများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။
ကန်ဒါဟာပြည်နယ် နှင့် ၎င်း၏အိမ်နီးချင်း ဟယ်လ်မန် ပြည်နယ်တို့တွင် ထကြွလှုပ်ရှားနေသော တာလီဘန်စစ်သွေးကြွများကမူ ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


